
ပြည်ပရောက် လွတ်လပ်တဲ့သတင်းမီဒီယာ ၅ ခုနဲ့ စစ်အာဏာရှင် တော်လှန် ဆန့်ကျင် အင်အားစုတွေကို နိုင်ငံတကာရဲတပ်ဖွဲ့ကနေတဆင့် ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာစစ် အာဏာရှင်တွေရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (IFJ) က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ပြည်ထဲရေးဒု၀န်ကြီး ဗိုလ်ချုပ်မင်းသူက ပြည်ပရောက် မြန်မာသတင်းမီဒီယာတွေဖြစ်တဲ့ DVB ၊ ဧရာ၀တီ၊ ရန်ကုန်ခေတ်သစ်၊ မဇ္ဈိမနဲ့ Myanmar Now တို့ကို အင်တာပိုလ်ကနေတဆင့် Red Notice တွေ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ထားတယ်လို့ ပြောဆိုထားတာပါ။
Red Notice ဆိုတာ ရာဇဝတ်မှုနဲ့ သံသယရှိသူတယောက်ကို ရှာဖွေဖော်ထုတ်ပြီး လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်အတွက် ယာယီဖမ်းဆီးနိုင်ဖို့ နိုင်ငံတကာရဲတပ်ဖွဲ့တွေထံ ပေးပို့တဲ့ အသိပေးချက် ဖြစ်ပါတယ်။
ဒါပေမဲ့ Red Notice ဟာ နိုင်ငံတကာဖမ်းဝရမ်းတခု မဟုတ်သလို အင်တာပိုလ်က ထုတ်ပြန်ပေးတာက သက်ဆိုင်ရာနိုင်ငံတွေကို ဖမ်းဆီးပေးဖို့ အမိန့်ပေးတာ မဟုတ်ပါဘူး။
စစ်အာဏာရှင်ဘက်က ပြည်ပရောက် မီဒီယာ ၅ ခု အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (PDF) နဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရေးအင်အားစုတွေက ပုဂ္ဂိုလ်တွေကိုပါ ပစ်မှတ်ထားပြီး ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အင်တာပိုလ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ မှာ အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်တာကို တင်းကျပ်စွာ တားမြစ်ထားပြီး နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့ အင်တာပိုလ်ကို အသုံးချတာဟာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ်က ထောက်ပြပါတယ်။
စစ်အာဏာရှင် လက်အောက်ခံ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ပြည်ပရောက် သတင်းသမားတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေ အပါအဝင် ဥပဒေအမျိုးမျိုးနဲ့ အမှုဖွင့်ထားပြီး နိုင်ငံကူးလက်မှတ်တွေကိုလည်း ပယ်ဖျက်ထားကြောင်း သိရတယ်။
ဒီလုပ်ရပ်တွေကနေ တဆင့် ပြည်ပနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ရန် စစ်အာဏာရှင်တွေက ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
ဒီကိစ္စကို စစ်အာဏာရှင် ဩဇာခံ လွှတ်တော်မှာ ကြံ့ခိုင်ရေးအမတ် ဒေါ်သန်းသန်းအေးက စစ်တပ်ကို ဆန့်ကျင်သူတွေကို ဖမ်းဆီးနိုင်ရေး ဘယ်လိုဆောင်ရွက်နေသလဲလို့ မေးမြန်းခဲ့တာကို ဗိုလ်ချုပ်မင်းသူက ဖြေကြားခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ရန်ကုန်အခြေစိုက် အဆိုပါသတင်းဌာန ၅ ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို စစ်အာဏာရှင်က ရပ်ဆိုင်းခဲ့ပြီး သတင်းသမားတွေကို ဖမ်း၀ရမ်းထုတ်တာ၊ ဖမ်းဆီး သတ်ဖြတ် ထောင်ချတာကြောင့် ပြည်ပသို ပြောင်းရွှေ့ပြီး သတင်းလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေကြတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာထဲမှာ သတင်းသမား အနည်းဆုံး ၇ ယောက် သတ်ဖြတ်ခံရပြီး အကျိုးအမြတ်မယူတဲ့ ဥပဒေရေးရာနိုင်ငံတကာစင်တာ (ICNL)ရဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ မှတ်တမ်းအရ စစ်တပ်က သတင်းသမား အနည်းဆုံး ၂၂၇ ယောက်ကို ဖမ်းဆီးပြီး ၁၀၀ ယောက်ကို စုစုပေါင်း ထောင်ဒဏ် ၅၄၉ နှစ် ချမှတ်ထားပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ်လအထိ သတင်းသမား ၂၀ ယောက် စစ်အာဏာရှင်အကျဉ်းထောင်တွေထဲမှာ ဆက်လက် ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။
ပြည်ပကို တိမ်းရှောင်သွားတဲ့ ဆန့်ကျင်ရေးအင်အားစုတွေထဲက ပုဂ္ဂိုလ် ၁၃၀၀ ကျော်ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်ထားတယ်လို့ စစ်အာဏာရှင်ဘက်က ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်ပရောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံသူတွေအား စောင့်ကြည့်တာ၊ အမည်ပျက်စာရင်းသွင်းတာတွေလည်း လုပ်ဆောင်နေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကိုလည်း ပစ်မှတ်ထားကြောင်း IFJ က ဖော်ပြပါတယ်။
မြန်မာစစ်အာဏာရှင်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းနေသလို ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နေတဲ့ သတင်းဌာနတွေနဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေကို နိုင်ငံတကာအထိ တိုးချဲ့ဖို့ ကြိုးစားနေကြောင်း နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ်က ဝေဖန်ပါတယ်။
IFJ က “မြန်မာစစ်တပ်ဟာ သူတို့ကို နိုင်ငံတကာက တရားဝင်အဖြစ် အသိအမှတ်ပြုလာစေဖို့နဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေကို ဖော်ထုတ်နေကြတဲ့ သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေ တိုးချဲ့ဖို့ ဘယ်နည်းလမ်းကိုမှ ချန်ထားမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပမှာရှိတဲ့ သတင်းသမား လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဒီရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်ရပ်တည်သွားမှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး DVB နဲ့ မဇ္ဈိမသတင်းဌာနတို့ရဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ Free-to-Air ရုပ်သံချန်နယ်တွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။
မတ် ၈ ရက်မှာ စစ်အာဏာရှင်လက်အောက်ခံ ပြန်ကြားရေး၀န်ကြီးဌာနက DVB သတင်းဌာန အပါအဝင် သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ပါတယ်။











