DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏စစ်ရာဇဝတ်မှုတွင်  BIMSTEC နိုင်ငံများ ပတ်သက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချ
DVB
·
April 4, 2025
မြန်မာစစ်တပ်၏စစ်ရာဇဝတ်မှုတွင်  BIMSTEC နိုင်ငံများ ပတ်သက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချ
Donate to DVB

ထိုင်းနိုင်ငံအစိုးရ၊ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) နဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်လို့ Justice For Myanmar က ဧပြီ ၄ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

BIMSTEC ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုခဲ့ပြီးတော့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဟာလည်း ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတွေနဲ့အတူ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နိုင်ဖို့ စစ်လက်နက် ပစ္စည်းတွေနဲ့ ရန်ပုံငွေတွေကို ဆက်လက်ပံ့ပိုးပြီးတော့ နိုင်ငံတကာစစ်ရာဇ၀တ်မှုတွေမှာ ပါဝင်ပတ်သက်နေကြဆဲလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီအနေနဲ့ ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ လူသားစာနာမှုအကူအညီတွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပိတ်ပင်တားမြစ်ခဲ့ပြီး ငလျင်ဘေးသင့်ဒေသတွေအပါအဝင် နေရာတော်တော်များများမှာလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေဆဲပါ။

BIMSTEC ထိပ်သီးအစည်းအဝေးကို ဧပြီ ၄ ရက်နေ့မှာ ဘန်ကောက်မြို့က Shangri-La ဟိုတယ်မှာ ကျင်းပနေတာဖြစ်ပြီး ဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင်ပါဝင်စေတာဟာ အဲဒီဒေသတွင်းအဖွဲ့ကြီးရဲ့ ကြံရာ ပါပတ်သက်မှုပုံစံကို ပိုပြီးထင်သာမြင်သာ ရှိလာစေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “BIMSTEC ထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါတွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့နဲ့ လူနေရပ်ရွာတခုလုံး ဖျက်ဆီးဖို့တွေမှာ အားပေးကူညီနေတာ ဖြစ်ပါတယ်။ အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေတာကို အဆုံးသတ်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ဦးစားပေးဖို့က အလွန်အရေးကြီးပါတယ်”လို့ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်၂၀၂၂ ခုနှစ်မှာ BIMSTEC ဟာ ရာဇဝတ်မှုဆိုင်ရာ အပြန်အလှန်ဥပဒေအကူအညီပေးရေး BIMSTEC သဘောတူညီချက်ကို လက်မှတ်ရေးထိုးခွင့် ပြုခဲ့ပါတယ်။ အဲဒီသဘောတူညီချက်ကြောင့် လူတွေကို တည်နေရာရှာဖွေတာ၊ သတင်းအချက် အလက်မျှဝေတာ၊ ရှာဖွေဖမ်းဆီးတာ၊ စုံစမ်းစစ်ဆေးမှု တွေမှာ အကူအညီရရှိစေဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။

အခုလိုလုပ်ဆောင်ပေးပြီး BIMSTEC ဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီ နေတာဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဟာ ၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိတဲ့ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချပေးပို့ခဲ့ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013