
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာစစ်အုပ်စုကို သံတမန်ရေးအရ တရားဝင်မှုပေးတာနဲ့ လူရာသွင်း ဆက်ဆံတာတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ရန်ကုန်အခြေစိုက် တော်လှန်ရေး သပိတ်အင်အားစုတွေက ဩဂုတ် ၆ ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)၊ ရန်ကုန်လူထုသပိတ် (Yangon People’s Strike) နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) တို့က ပူးတွဲ ထုတ်ပြန်ခဲ့တာပါ။
ထုတ်ပြန်ချက်မှာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို တရားဝင်မှု မပေးဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ထိုင်းအပါအဝင် အာဆီယံက တားဆီးပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် နယ်စပ်က ကျားဖြန့်နဲ့ ဒုစရိုက်လုပ်ငန်းတွေကို စစ်အာဏာရှင်က အကာအကွယ်ပေးထားတာကြောင့် စစ်တပ်နဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့လည်း ထုတ်ပြန် တောင်းဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် (EAOs) နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အသံကိုသာ တရားဝင် အသိအမှတ်ပြုဖို့နဲ့ ထိုင်းရောက် မြန်မာစစ်ဘေးရှောင်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ မပြုလုပ်ဘဲ လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားဖို့ အချက် ၅ ချက်နဲ့ တောင်းဆိုထားပါတယ်။










