
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ စစ်အာဏာရှင်ရဲ့ ကြိုးပမ်းမှုနဲ့ စည်းရုံးမှုတွေအပေါ် ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပြီး ဒီစီမံကိန်းဟာ ပြည်သူတွေ လျှပ်စစ်မီးရရှိရေးထက် တရုတ်ရဲ့အကျိုးစီးပွားနဲ့ သယံဇာတလုယက်မှုသက်သက်သာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရတဲ့ ဧရာဝတီ မြစ်ဆုံစီမံကိန်းကိုပြန်စဖို့ စစ်အာဏာရှင်က အခု ၂၀၂၆ ခုနှစ်ထဲ ကချင်ပြည်နယ်ထဲက နေရာအနှံ့မှာ စည်းရုံးမှုတွေ ပိုမိုလုပ်ဆောင်နေတာပါ။
အနီးစပ်ဆုံးပြောရရင် စစ်အာဏာရှင်သမ္မတနဲ့အတူ တရုတ်ခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဇွန် ၂၃ ရက်မှာပဲ ဆားမှော်ဘူတာကို သွားရောက်စဉ် စည်းရုံး ပြောဆိုခဲ့တာ တွေ့ရပါတယ်။
အခုလို စည်းရုံးမှုတွေအပေါ် ကချင်ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
KHRW ပြောခွင့်ရသူ ဂျေကော့က “စစ်တပ်ကတော့ ကချင်ပြည်နယ်မှာ ဒီမြစ်ဆုံရေကာတာ ဖြစ်မြောက်ရေးဖို့အတွက် သူတို့ကတော့ မကြာခဏ ပြည်သူလူထုတွေကို အတင်းအဓမ္မခေါ်ပြီးမှ စည်းရုံးရေးတွေ လုပ်ဆောင်နေတာ တွေ့ရတယ်။ စည်းရုံးရေးလုပ်တဲ့အချိန်မှာ သတင်းအမှားတွေ ပြီးတော့ ဒီ လိမ်လည်မှုတွေပေါ့နော်။ အခုတလောဆိုရင် ဒီ စီးပွားရေးအရရော၊ နိုင်ငံရေးအရရော ပြီးတော့ နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ တရုတ်နိုင်ငံနဲ့ပေါ့နော်။ သူတို့က ပူးပေါင်းပြီးမှ ဒီ မြစ်ဆုံစီမံကိန်းပေါ့နော်၊ ဖြစ်မြောက်ဖို့အတွက် သူတို့က လုပ်ဆောင်နေတာကို တွေ့ရတယ်။ ဒီဟာကတော့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အရေးပါတဲ့ စီမံကိန်းတခုဖြစ်လို့ စစ်တပ်က ဒီဟာကိုအရေးတကြီး လုပ်ဆောင်နေတာကို တွေ့ရပါတယ်ဗျ”လို့ ပြောပါတယ်။
ရေကြီးမှာနဲ့ ငလျင်ဒဏ်တွေကို တွက်ချက်ပြီးသားဖြစ်လို့ စိုးရိမ်စရာမလိုကြောင်း စစ်တပ်နဲ့ ကချင်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေဟာ နှစ်စဉ် ရေကြီးလေ့ရှိတဲ့ ကချင်ပြည်နယ်အတွက်တော့ လက်တွေ့ကျတဲ့အဖြေ မဟုတ်ကြောင်း ကိုဂျေကော့က ထောက်ပြပါတယ်။
ဒါအပြင် ကချင်ဝန်ကြီးချုပ်က လာမဲ့ ၈ နှစ်ကျော်မှာ ဒီစီမံကိန်း ပြီးမယ်၊ လျှပ်စစ်တွေ ပေါပေါသီသီ သုံးရမယ်လို့ စည်းရုံးပြောဆိုခဲ့တာ တွေ့ရပါတယ်။ စစ်တပ်ဘက်က အခုလို ပြောဆိုချက်တွေအပေါ် စိုးရိမ်ကြောင်း ကချင်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူကလည်း ပြောပါတယ်။
“ဒီမြန်မာနိုင်ငံရဲ့ ငလျင်လှုပ်ရှားမှုတွေ ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့က ဆက်နွှယ်နေတာ။ အဲဒါကြောင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ ဆည်အင်အား၊ ဆည်တည်ဆောက်ဖို့ အင်ဂျင်နီယာတွေရဲ့ စံနှုန်းတွေ၊ အရေးပေါ် စီမံချက်တွေ၊ တင်းကျပ်မှုတွေ၊ ပြင်ဆင်မှုတွေက သူတို့မှာက လိုအပ်ချက်တွေ အများကြီးရှိတယ်။ တရုတ် လုပ်လိုက်တဲ့ အရာတွေ တကမ္ဘာလုံးမှာ ကြည့်ပါလား။ Quality မှ မရှိတာကိုး။ ဆိုတော့ ဒါ သူတို့နိုင်ငံမှာ လုပ်ထားတဲ့ ဆည်တွေလည်း ကြည့်ပါလား။ ဆည်ကျိုးပြီးတော့ လူသိန်းပေါင်းများစွာ သေတယ် ဆိုတဲ့ဟာတွေ ရှိနေတာကိုး။ ဆိုတော့ ဒီ မြစ်ဆုံရေကာတာစီမံကိန်း တည်ဆောက်တဲ့အခါမှာ၊ ရေလွှတ်တဲ့အခါမှာ၊ ပြီးတော့ ဆည်ပျက်စီးမှု ဒါမှမဟုတ် စီမံခန့်ခွဲမှုအမှားတွေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ အရာတွေပေါ့နော်။ အဲဒီ ဘေးအန္တရာယ်တွေကို ဘယ်လောက်ထိ သူတို့ လုပ်ပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာ ကျမတို့က စိတ်ချလို့ မရဘူးဆိုတာ သိရတယ်ပေါ့နော်။”
တဖက်မှာလည်း ဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ရိုးရာယဉ်ကျေးမှုတွေ ထိခိုက်ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဒေသခံတယောက်ကတော့ ပြည်သူတွေ လျှပ်စစ်ရဖို့ဆို မြစ်ဆုံမှာ ဆည်ဆောက်တာထက် တခြားရွေးချယ်စရာတွေ အများကြီးရှိတဲ့အကြောင်း ပြောပါတယ်။
ကချင်ဒေသခံ အမျိုးသားတယောက်က “မြစ်ဆုံစီမံကိန်းလုပ်ဖို့ထက် အရင်ကရှိခဲ့တဲ့ ကချင်ပြည်နယ်အတွင်းက လျှပ်စစ်စက်ရုံအဟောင်းတွေကို ပြန်လည်ပြုပြင်ပြီးမှ ဒေသအတွင်းက ဒီကျေးရွာ ကျေးလက်နေပြည်သူတွေကို ဖြန့်ဖြူးပေးနေရင်တောင်မှ ကျနော်တို့ နိုင်ငံတော် ဘတ်ဂျက်လည်း ပိုပြီးရရှိလာမဲ့အပြင် ဒေသအတွင်းမှာလည်း ကျနော်တို့ ဖူဖူလုံလုံပေါ့နော်၊ ဖူဖူလုံလုံ မီးကို ဆက်လက်ပံ့ပိုးပေးနိုင်မှာ။ အခုဆိုလို့ရှိရင် ကျနော်တို့ မိုးကောင်းမြို့နယ်ဆိုလို့ရှိရင် နန့်ခါခါး ရေအားလျှပ်စစ် မပြုပြင်ဘဲ ပစ်ထားကြတာ။ ဟိုပင် ဆိုလည်း ဂလိုင်ချောင် ရေအားလျှပ်စစ် မပြုပြင်ဘဲ ထားကြတာ။ မြစ်ကြီးနားမှာဆိုလို့ရှိရင်လည်း ကျနော်တို့ မလိရေအားလျှပ်စစ်တွေရှိတယ်ဗျ။ ပြီးရင် ဟို ကြိမ်ခန်ခ ရေအားလျှပ်စစ်စက်ရုံတွေ ရှိတယ်။ အဲဒါတွေကို ဘာမှမပြုပြင်ဘဲ ဒီတိုင်းပစ်ထားပြီးမှ မြစ်ဆုံစီမံကိန်းလုပ်ဖို့ပဲ တစိုက်မတ်မတ် ဒီ စည်းရုံးနေတာကတော့ သူတို့ရဲ့ အကျိုးစီးပွားတွေ ပါနေလို့ပဲ ဖြစ်မှာပါ”လို့ ပြောပါတယ်။
စီမံကိန်းဝန်းကျင်ဒေသမှာ အရည်အသွေးကောင်းတဲ့ ရွှေတွေထွက်သလို၊ တရုတ်ဘက်က လက်မှုပစ္စည်းတွေမှာ အသုံးပြုတဲ့ကျောက်တွေအပြင် မာရှီးယားလိုငါးတွေကိုလည်း ဈေးကောင်းပေး ဝယ်လေ့ရှိတယ်လို့ ဒေသခံက ပြောပါတယ်။
ဒါကြောင့် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး စစ်အာဏာရှင်က လျှပ်စစ်မီး ရရှိရေးကို အကြောင်းပြနေပေမဲ့ လက်ရှိ ရှိပြီးသား စက်ရုံတွေကိုတောင် မပြုပြင်ဘဲ ပစ်ထားတာကြောင့် သူတို့ရဲ့ ရည်ရွယ်ချက်ဟာ သယံဇာတ ထုတ်ယူရေးနဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက်သာ ဖြစ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။











