
အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မန္တလေးလေဆိပ်ကို ဧပြီ ၄ ရက် ဒီနေ့ကစပြီး လေယာဥ်ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲတော့မှာဖြစ်ကြောင်း လေယာဉ်လက်မှတ် အရောင်းဆိုင်တွေဆီက သိရပါတယ်။
လက်ရှိမှာ လေယာဉ်ခရီးစဉ်တွေကို မြေပြင်အခြေအနေအရ တရက်ချင်း အခြေအနေကြည့်ပြီး ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပြီး ကြိုတင်လက်မှတ်ဝယ်ယူထားတဲ့သူတွေ အနေနဲ့ မိမိတို့အေးဂျင့်ဆီ ဆက်သွယ်ထားကြဖို့ လေယာဉ်လက်မှတ် အရောင်းဆိုင်ဝန်ထမ်းတယောက်က ပြောပါတယ်။
မန္တလေးလေဆိပ်ကို ပြန်လည်အသုံးပြုလို့ ရနိုင်ပါက ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်းဒေသဘက်တွေကို ကူညီကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ပံ့မှုတွေ အလျင်အမြန် ရောက်ရှိနိုင်တယ်လို့ ဒေသခံတွေကြား ပြောဆိုမှုတွေ ရှိနေပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းမြို့ကို ဦးတည်ပြီး လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရသလို ထောင်နဲ့ချီ ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မန္တလေးလေဆိပ်နဲ့ နေပြည်တော်လေဆိပ်လည်း ထိခိုက်ပျက်စီးသွားတာကြောင့် လေယာဉ်ကွင်းကို ယာယီပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။