
ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ ပန်းချီကား လေလံတင် ရောင်းချနေတာ တရက်အတွင်း အမေရိကန်ဒေါ်လာ ၃,၀၀၀ ရရှိခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းဟာ စစ်ကိုင်း၊ မန္တလေးနဲ့ ငလျင်ဒဏ်သင့်ဒေသတွေကို အကူအညီ ပေးပို့နိုင်ဖို့အတွက် ပန်းချီကားတချပ်ကို ဧပြီ ၂ ရက် ည ၇ နာရီက စတင်ပြီး ၄ ရက်တာ လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။
ပန်းချီကားရဲ့ အမည်ကိုတော့ Golden Dream For Golden Land လို့ အမည်ပေးထားပြီး ၆၀ စင်တီမီတာပတ်လည် အရွယ်အစားရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုတဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၄,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။