
လာမဲ့ပညာသင်နှစ် ကျောင်းဖွင့်ချိန်အတွက် မြန်မာ့နှစ်သစ်ကူး သင်္ကြန်အပြီးမှာ ကျောင်းသုံးပစ္စည်းတွေ ကြိုတင်ဝယ်ယူထားဖို့ ပြင်ဆင်လာကြပေမဲ့ ဈေးတက်လို့ ရောင်းသူ၊ ဝယ်သူ အခက်တွေ့လာကြပါတယ်။
ကျောင်းဖွင့်ရာသီမှာ ဈေးတက်မှာ ကြောက်တာကြောင့် သင်္ကြန်အပြီးကတည်းက ကျောင်းသုံးပစ္စည်းတွေ ဝယ်စုလာကြတဲ့ မိဘတွေမှာ မသက်သာတဲ့ဈေးတွေကြောင့် အဆင်မပြေဘူးလို့ ထောက်ကြန့်က ကျောင်းသားမိခင်တယောက်က ပြောပါတယ်။
“အရင်နှစ်တွေထက် ဈေးတွေတော့ ကြီးတာပေါ့။ ဈေးတွေက တက်တယ်။ လွယ်အိတ်တွေ၊ ဒီလို ထမင်းချိုင့်တွေ ဆိုရင်လည်း တက်တယ်လေ။ အရင်တုန်းက သူ ဝယ်တဲ့လွယ်အိတ်ဆိုရင် သုံးသောင်းခွဲ၊ အခုတော့ ငါးသောင်းပေါ့။ ထမင်းချိုင့်ကတော့ အခု သူ့ကို ကော်ဘူးသုံးပေးတာ၊ အခုတော့ နှစ်ဆင့်ချိုင့်လေး ဝယ်လိုက်တာပေါ့။ နှစ်ဆင့်ချိုင့်လေးတောင် အရင်တုန်းက လေး ငါးထောင်ပဲ ရှိတာပေါ့။ အခုကတော့ နှစ်သောင်းခွဲ။ အဆင်ကတော့ ဘယ်ပြေပါ့မလဲ။ မဖြစ်မနေ ဆိုတော့လည်း ဝယ်ရတာပေါ့။ အသုံးဆောင်ပစ္စည်းကတော့ အဲဒီလိုတော့ အပြည့် ပြန်မဝယ်ပေးနိုင်ဘူးပေါ့။ အရင်တုန်းက အဟောင်းလေးတွေတော့ ပြန်သုံးလို့ရတာမျိုး ဆိုရင်တော့ ပြန်သုံးရတာပေါ့။”
သိမ်ကြီးဈေးအောက်ထပ်က ဈေးအသင့်တင့်၊ ပစ္စည်းအသင့်တင့်ရှိတဲ့ ရွှေနိုင်ငံ ဗလာစာအုပ် အရောင်းဆိုင်မှာတော့ ဈေးဝယ်သူတွေ၊ ကြည့်ရှုသူတွေ ရှိနေပြီး လက္ကားဈေးတွေ တက်လာတယ်လို့ အရောင်းဝန်ထမ်းတယောက်က ပြောပါတယ်။
“ကွာတယ်လေ အစ်မ။ အရင်နှစ်ဈေးနှုန်းတင်။ အရင်နှစ်ဈေးနှုန်းနဲ့ ကွာတာပေါ့။ တထောင်ကျော်လောက် ဟသွားတယ်။ ကြမ်းချော၊ ကြမ်းချော၊ အကြမ်းဆိုရင် ခြောက်ထောင်ကျော်တန်ကနေ စရှိမယ်။ အချောဆိုရင် သောင်းနှစ်ထောင်ကျော်တန်ကနေ စရှိမယ်။ အမြင့်ဆုံး ၁၃,၂၀၀ အထိ ရှိမယ်။”
လတ်တလောမှာ စက်သုံးဆီ အကျပ်အတည်း ခေတ္တလျော့နေသလို သွင်းကုန်ပစ္စည်းတွေလည်း ပြန်ဝင်လာပြီလို့ ဆိုကြပေမဲ့ ဈေးတွေကတော့ တက်နေဆဲ ဖြစ်ပါတယ်။
များသောအားဖြင့် လက်လီ၊ လက္ကား ဈေးဆိုင်ကြီးတွေက ကုန်ပစ္စည်းတင်သွင်းမှုနဲ့ လက်လီလက္ကား ဈေးကွက်အပေါ်မှာ ဈေးနှုန်းသတ်မှတ်ချက် ကွင်းဆက်နဲ့ ပတ်သက်ပြီး ဆိုင်တွေဘက်က သေချာ ရှင်းပြနိုင်တာတော့ မရှိပါဘူး။
သိမ်ကြီးဈေးကနေ ကျောင်းသုံးပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို ပရိုဘောက်တစီးစာ ဝယ်လာတဲ့ ထန်းတပင်မြို့နယ်က လက်လီအရောင်းဆိုင်ဖွင့်ထားသူက အရင်းတွေ များလာပေမဲ့ ဆိုင်က ဝေဝေဆာဆာ ဖြစ်မလာဘဲ အဆိုးဆုံးနှစ်ကို ရင်ဆိုင်ရတာလို့ သုံးသပ်ပါတယ်။
“အဆိုးဆုံးပဲပေါ့။ ခါတိုင်းနှစ်တွေ၊ နှစ်တွေက ဒီလောက် မဆိုးဘူး။ ကျောင်းဖွင့်ချိန်က ဒီမိုးတွင်းကို အဆိုးဆုံးဖြစ်တယ်။ ဒီနှစ် အဆိုးဆုံးပဲ။ ခါတိုင်းနှစ်တွေကတော့ အဲဒီလောက်ထိ မဆိုးသေးဘူး။ ကျောပိုးအိတ်တလုံးကို ငါးသောင်း၊ ခြောက်သောင်း၊ တသိန်းကျော်၊ အဲဒါ ဘယ်လိုလုပ် သွားဝယ်မလဲ။ ကလေး အခု မူကြိုကျောပိုးအိတ်ကလေးတွေက သုံးသောင်းကျော်၊ မူကြိုဆိုက်ပဲ ရှိသေးတယ်။ ဘားမားတလုံးတောင် သောင်းကျော်။ ဘာမှ လုပ်စားမရတဲ့ ဘားမားအစုတ်အပြတ်တောင်။ ယိုးဒယားလေးတွေဆို ကလေးတွေက နှစ်သောင်းကျော်။ သုံးသောင်းကျော်၊ ဟိုးအတန်းကြီးတွေဆိုရင် ငါးသောင်းတဲ့၊ ရှစ်သောင်းတဲ့၊ တသိန်းကျော်တဲ့။ မနှစ်ကတာ့ အဲလိုမဖြစ်ဖူးဘူး။ မနှစ်ကတော့ အလွန်ဆုံးသူရှိ၊ လေးသောင်း၊ ငါးသောင်းဆိုတာ ထန်ကုန်ပဲ။ တော်တော်ကောင်းတယ်။ အဲဒီပစ္စည်း၊ အခု အကောင်းဆုံးပစ္စည်းဝယ်မယ်ဆိုရင် ရှစ်သောင်း၊ တသိန်းပဲ။ ဒီနှစ်ဈေးကတော့ ခါတိုင်းနှစ်တွေထက်စာရင်တော့ ဒီနှစ်က အဆိုးဆုံးနှစ်ပေါ့။”
၂၀၂၁ စစ်တပ်က အာဏာသိမ်းကာလအပြီး မြန်မာနိုင်ငံရဲ့ ကုန်စည်စီးဆင်းမှု အခြေအနေဟာ ဆိုးဆိုးရွားရွားကို နိမ့်ကျပျက်စီးခဲ့ပြီး တနိုင်ငံလုံးကို ရိုက်ခတ်နေတာပါ။
မြန်မာနိုင်ငံလို ပြည်တွင်းပဋိပက္ခတွေနဲ့ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက် ရှိနေတဲ့ နိုင်ငံမှာတော့ ငွေကြေးဖောင်းပွမှုနှုန်းဟာ အဆမတန် မြင့်မားနေပြီး ကမ္ဘာ့ပျမ်းမျှနှုန်းနဲ့ ကြီးကြီးမားမား ကွာဟနေတယ်လို့ မြန်မာ့ဘောဂဗေဒအရေး သုံးသပ်သူတွေက ထုတ်ပြန်ထားကြပါတယ်။
အာဏာသိမ်း စစ်အာဏာရှင်သမ္မတကတော့ ၂၀၂၁ အာဏာသိမ်းပြီး ကြားကာလတွေမှာ သွင်းကုန်ကန့်သတ်တာတွေကို လုပ်ဆောင်ခဲ့ပြီး အခုလက်ရှိ သမ္မတရာထူး လွှဲပြောင်းပြီးချိန်မှာလည်း သွင်းကုန်တွေကို ထပ်မံကန့်သတ်ဖို့ ပြင်ဆင်နေကြပါတယ်။










