DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ကြေညာထားသော်လည်း စစ်တပ်က ကချင်ပြည်နယ်၌ လက်နက်ကြီးဖြင့် ပစ်ခတ်၊ လေကြောင်းတိုက်ခိုက် 
DVB
·
April 3, 2025
အပစ်ရပ်ကြေညာထားသော်လည်း စစ်တပ်က ကချင်ပြည်နယ်၌ လက်နက်ကြီးဖြင့် ပစ်ခတ်၊ လေကြောင်းတိုက်ခိုက် 
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာတဝိုက်မှာ ဧပြီ ၃ ရက် ဒီမနက် ၇ နာရီလောက်ကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့နဲ့ အင်းတော်ဒေသကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငလျင်ဘေးကြုံနေရတာကြောင့် စစ်ကောင်စီက ယာယီအပစ်ရပ်ရေး ကြေညာချက်ကို ဧပြီ ၂ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ပေမဲ့လည်း ဝူယန်ကျေးရွာနဲ့ အနီးတဝိုက်ကို လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ မြေပြင်တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“သူတို့က ဟိုဘက် ဒီဘက် မြင်နေရတဲ့ အခြေအနေလေ။ စစ်ရေးတင်းမာနေတာတော့ ကြာပြီ။ စစ်တပ်ဘက်က လက်နက်ကြီးပစ်နေကျ၊ ဒီနေ့မှ ပိုဆိုးလာတာ။ ဒရုန်းတွေလည်း ပါမယ်။ ဟိုဘက်ကမ်းက မြစ်ကြီးနားကနေလည်း ပစ်တယ်ပြောတယ်။ လက်နက်ငယ်ပစ်ခတ်သံတော့ နည်းနည်းကြားရတယ်။”

ဝိုင်းမော်မြို့ပြင်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၅၈ တပ်စခန်းကလည်း ဝူယန်ကျေးရွာဘက်ကို ဒီနေ့မနက် ၆ နာရီခွဲလောက်တည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ဧရာဝတီမြစ် တဖက်ကမ်းရှိ မြစ်ကြီးနားမြို့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ပစ်ကူခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ရက်ပိုင်းအတွင်း အပြန်အလှန် တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ ဝိုင်းမော်-ဝါးရှောင် လမ်းပေါ်မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာသောကြောင့် KIA ပူးပေါင်းတပ်နဲ့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေဟာ ဝိုင်းမော် ခလရ ၅၈ တပ်ရင်း၊ ဝူယန်ပြည်သူ့စစ်စခန်းနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေ လက်နက်ကြီး ပုံမှန်ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ဧပြီ ၂ ရက်မှာ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တဲ့‌နောက် KIO ဘက်ကလည်း ခုခံကာကွယ်ခြင်းမှအပ ထိုးစစ် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013