DVB Logo
Home
မြန်မာသတင်း
မြန်မာ့ငလျင်ဘေးသတင်းများ ပြန်တင်ဆက်ခွင့်ရရန် VOA မြန်မာပိုင်းဝန်ထမ်းများ သနားခံစာတင်
DVB
·
April 3, 2025
မြန်မာ့ငလျင်ဘေးသတင်းများ ပြန်တင်ဆက်ခွင့်ရရန် VOA မြန်မာပိုင်းဝန်ထမ်းများ သနားခံစာတင်
Donate to DVB

သမ္မတဒေါ်နယ်ထရမ့်ပ် ညွှန်ကြားချက်နဲ့ ရပ်ဆိုင်းထားတဲ့ VOA မြန်မာပိုင်း သတင်းဌာန ဝန်ထမ်းတွေက အသံလွှင့်လုပ်ငန်းတွေ ပြန်ဆောင်ရွက်ခွင့်ရဖို့ ဒေသစံတော်ချိန် ဧပြီ ၁ ရက်မှာ အမေရိကန်လွှတ်တော်ကို အသနားခံစာ တင်ခဲ့ပါတယ်။

အသနားခံစာမှာ ငလျင်ဘေးနဲ့ နောက်ဆက်တွဲသတင်းတွေကို အချိန်နဲ့တပြေးညီ တင်ဆက်ခွင့်ရရေးအတွက် အဆောတလျင် ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

လတ်တလောမှာ VOA မြန်မာပိုင်းဝန်ထမ်းတွေဟာ ဌာနပိုင် လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတွေ တင်နိုင်ပေမဲ့ အစိုးရရဲ့ကန့်သတ်ချက်ကို ကျော်လွန်လုပ်ဆောင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေတာပါ။

အသံလွှင့်လုပ်ငန်းတွေကိုတော့ အစိုးရက ထိန်းချုပ်ထားတဲ့အတွက် ပြန်လည်ပတ်ဖို့ တရားဝင်ခွင့်ပြုချက် လိုအပ်နေပါတယ်။

VOA မြန်မာပိုင်း၊ အစီအစဉ်တင်ဆက်သူ မအင်ကြင်းနိုင်က “ပြည်သူတွေ ဒုက္ခရောက်နေတာတွေ အကူအညီလိုအပ်နေတဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ပြန်တင်ဆက်နိုင်ဖို့ VOA မြန်မာပိုင်းဝန်ထမ်းတွေအနေနဲ့ အသံထုတ်လွှင့်ခွင့် ပြန်ရနိုင်အောင်လို့ ဝန်ထမ်းတွေအားလုံး စုပေါင်းလက်မှတ်ရေးထိုးပြီးတော့ လွှတ်တော်ကို တင်ပြထားပါတယ်။ လွှတ်တော်ကနေပြီးတော့ သမ္မတထရမ့်ပ် အစိုးရကို တွန်းအားပေးပြီးတော့ VOA မြန်မာပိုင်းအနေနဲ့ ငလျင်သတင်းတွေကို အမြန်ဆုံး ထုတ်လွှင့်နိုင်ရေးကို ကျမတို့ ဝိုင်းဝန်းပြီးတော့ တောင်းဆိုနေပါတယ်” လို့ ပြောပါတယ်။

VOA ဂျာနယ်လစ်တွေ စွဲဆိုထားတဲ့ သမ္မတ​ဒေါ်နယ်ထရမ့်ပ်က VOA ကို ပိတ်သိမ်းခဲ့တဲ့အမှုကို နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက ဒေသစံတော်ချိန် မတ် ၂၈ ရက် မနက်ပိုင်းမှာ စတင်ကြားနာခဲ့ပါတယ်။ ကြားနားမှုအပြီးမှာ တရားသူကြီး ဂျေပေါလ်အက်ကန်က ထရမ့်ပ်ရဲ့လုပ်ရပ်ကို ယာယီတားမြစ်မိန့် ထုတ်ပြန်ခဲ့ပြီး ၂၁ ရက်အကြာမှာ နောက်ထပ်ရုံးချိန်း ပြန်ခေါ်ဆိုထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ USAGM (United States Agency for Global Media) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အစိုးရလုပ်ငန်းတွေ အားလုံးရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ဝန်ထမ်းခန့်အပ်မှု အခြေအနေတွေကို ပြန်လည်သုံးသပ်နေတာဖြစ်ပြီး USAGM ကိုလည်း ပြန်လည်သုံးသပ်ဖို့ အခုလို ညွှန်ကြားချက် ထွက်လာတာဖြစ်ပါတယ်။

ညွှန်ကြားချက် ထွက်ပြီးနောက် USAGM လက်အောက်မှာရှိတဲ့ VOA မြန်မာပိုင်းနဲ့ RFA သတင်းဌာန ဝန်ထမ်းတွေဆီကို ရုံးလာတက်စရာမလိုဘဲ ခွင့်ပေးကြောင်း အီးမေးလ်တွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

သမ္မတအမိန့်ကို ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ တင်ပြခဲ့တဲ့အတွက် အမေရိကန်ခရိုင်တရားသူကြီး ရွိုက်စ်လမ်ဘတ်သ်က Radio Free Europe/Radio Liberty တို့ကို ရန်ပုံငွေရပ်ဆိုင်းခြင်းကို ရပ်တန့်ဖို့ မတ်လ ၂၅ ရက်နေ့မှာ ယာယီတားမြစ်မိန့်ကို ထုတ်ပြန်ထားပါတယ်။

VOA ဟာ ၁၉၉၄ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ “နိုင်ငံတကာထုတ်လွှင့်မှုဥပဒေ” ရဲ့ အကာအကွယ်ကို ခံစားပိုင်ခွင့်ရှိနေပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ အမေရိကန်အစိုးရ အရာရှိတွေက VOA သတင်းဌာန လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်မှုကနေ ကင်းလွတ်ခွင့်ရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013