DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် စစ်ကိုင်းတွင် သေဆုံးသူ ၄၀၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀၀ ကျော်ရှိ
DVB
·
April 3, 2025
ငလျင်ကြောင့် စစ်ကိုင်းတွင် သေဆုံးသူ ၄၀၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀၀ ကျော်ရှိ
Donate to DVB

အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် မြို့ပျက်ကြီးတခုလိုဖြစ်သွားတဲ့ စစ်ကိုင်းမြို့မှာ  အနည်းဆုံး သေဆုံးသူ ၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁,၀၀၀ ကျော် ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ် ၂၂ ရပ်ကွက်နဲ့ မြို့နယ်တွင်းက ‌ကျေးရွာတွေမှာ နေအိမ်၊ အဆောက်အအုံတွေ ၁၀၀ ရာခိုင်နှုန်းနီးပါး အနည်းနဲ့ အများဆိုသလို ထိခိုက်ပျက်စီးခဲ့တာပါ။

ရှာဖွေ ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ သေဆုံးသူ ၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁,၀၀၀ ကျော် ရှိခဲ့ပြီး လက်ရှိမှာလည်း ပိတ်မိနေတဲ့ လူ ၁၀၀ လောက်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “အဆောက်အဦက မြေပြင်မှာ ဘယ်လောက်ထိ ပျက်စီးတာလဲဆိုရင် ကယ်ဆယ်ရေး မရောက်သေး မဝင်နိုင်သေးတဲ့ ရွာတွေကို ရှိသေးတယ်။ ကျနော်တို့ စစ်ကိုင်းက ၂၂ ရက်ကွက်ရှိတယ်။ ထိတာက အကုန်လုံးနီးပါး နည်းတာနဲ့ များတာပဲ ကွာတယ်။ မြို့ပေါ်က  ၁၀၀ ရာခိုင်နှုန်းနီးပါးပြောလို့ရတယ်။ မပြိုရင်လည်း ဖြိုရမယ့်ဟာတွေ များတယ်။ ရွာတွေဘက်ကကို မနေ့ညက ဖုန်းဆက်သွယ်တော့ အခုမှ ရွာတွေဘက်ကို သွားနေတာ” လို့ ပြောပါတယ်။

ပြင်းအားပြင်း ငလျင်ဒဏ်ကြောင့် ဘုရားကျောင်း၊ စေတီတွေ၊ စာသင်တိုက်တွေနဲ့အတူ သီလရှင်ကျောင်းတွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။

သီလရှင်တပါးက “ဆရာလေးတို့ မြေပြင်မှာ လက်ရှိအခက်အခဲကတော့ ဖျာလေးခင်းပြီး တမာပင်အောက်မှာ နေနေရတယ်။ ပျက်စီးတာကတော့ ဆရာလေးတို့ ဘာတခုမှ အကောင်း မကျန်ခဲ့ဘူး။ ထိခိုက်တာကတော့ ဒါယိကာမတယောက်နဲ့ ဆရာလေးတပါး ဆုံးသွားတယ်။ ဆရာလေး ၂ ပါးကတော့ ဆေးရုံတက်ရတယ်။ အဆောက်အဦ ရှင်းလင်းရေးတွေက မလာသေးဘူး။ ကယ်ဆယ်ရေးတွေ လာ မလာလို့ စောင့်နေတာ။ ဆရာလေးတို့လည်း မိန်းကလေးတွေဆိုတော့ ဘာမှ မလုပ်တတ်ဘူးဆိုတော့ အခုကတော့ ငြိမ်နေရတယ်” လို့ မိန့်ပါတယ်။

စစ်ကိုင်းရပ်ကွက်အတွင်းက ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေဟာ ကူညီကယ်ဆယ်ရေးနဲ့ ရှာဖွေရေးမှာ ကြန့်ကြာတာတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဒါအပြင် ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဆေးရုံသွားရောက်ရာမှာ ငွေကြေးမတတ်နိုင်တာကြောင့် နီးစပ်ရာ ကယ်ဆယ်ရေးအဖွဲ့တွေဆီမှာ ဆေးကုသမှုခံယူနေသူတွေလည်း ရှိနေပါတယ်။ လာရောက်ကူညီမယ့် အသင်းအဖွဲ့တွေအနေနဲ့ ရပ်ကွက်တွေထဲ သွားသင့်တယ်လို့ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့တဲ့သူတွေက တိုက်တွန်းထားပါတယ်။  

စက်မှုနှင့် အနုပညာရပ်များအဖွဲ့မှ  ကိုဇော်မျိုးဦးက “စစ်ကိုင်းက တော်တော်ကို ဆုံးရှုံးတယ်။ တော်တော်လေးကို ဆုံးရှုံးတယ်။ အုတ်တံတိုင်းလောက်‌တော့ မပြောတော့ဘူး။ စစ်ကိုင်းမှာ တိုက်အကြီးကြီး အရမ်းမရှိဘူး။ ဒါပေမဲ့ အဲဒီအကြီးကြီတွေ မှန်သမျှ တော်တော်ဆုံးရှုံးတယ်။ ၄ အိမ်ကြား ၁ အိမ်ပျက်တယ်။ ရပ်ကွက်ထဲက အိမ်ပေါက်စလေးတွေဆိုရင်လည်း  လူမသိသူမသိပျက်ပြီးတော့  သူဘာသာ ထုတ်တယ်။ ထုတ်ပြီး သူတို့ဘာသာ သင်္ဂြိုဟ်တယ်။  အဲလိုလူတွေလည်း အများကြီးရှိတယ်။ ကူညီမယ့် အဖွဲ့အစည်းတွေအနေနဲ့ ရပ်ကွက်တွေကို ပါ သွားရောက်ကူညီစေချင်တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၃,၈၆၆ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၅,၄၅၅ ယောက်အထိရှိလာပြီး လူ ၇၁၉ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ DVB က ဧပြီ ၂ ရက် ည ၈ နာရီအထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013