DVB Logo
Home
မြန်မာသတင်း
၂၁ ရက်ကြာ အပစ်ရပ်မည်ဟု စစ်ကောင်စီထုတ်ပြန်၊ ယာယီအပစ်ခတ်ရပ်စဲရေး KIO ကြေညာ
DVB
·
April 3, 2025
၂၁ ရက်ကြာ အပစ်ရပ်မည်ဟု စစ်ကောင်စီထုတ်ပြန်၊ ယာယီအပစ်ခတ်ရပ်စဲရေး KIO ကြေညာ
Donate to DVB

ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် ၂၁ ရက်ကြာ ယာယီ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲထားမယ်လို့ စစ်ကောင်စီက ဧပြီ ၂ ရက် ညမှာ ထုတ်ပြန်ပါတယ်။                 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ထုတ်ပြန်လာတာဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ တနိုင်ငံလုံးကပြည်သူတွေကိုစာနာထောက်ထားနားလည်တာ၊ ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့လုပ်နိုင်စေဖို့ ရည်ရွယ်တာနဲ့ တည်ငြိမ်အေးချမ်းမှုကိုရှေးရှုပြီး ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်  ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

ဒီကာလအတွင်း တော်လှန်ရေးတပ်တွေအနေနဲ့ အများပြည်သူ သွားလာအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်တိုက်ခိုက်တာနဲ့ ထိခိုက်ပျက်စီးစေတာမျိုး လုပ်ရင်တော့ လိုအပ်တဲ့တုံ့ပြန်မှုတွေလုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံကလာတဲ့ ငလျင်ဘေးကူညီပေးရေးပစ္စည်းတွေတင်လာတဲ့ ကြက်ခြေနီကယ်ဆယ်ရေးယာဉ်တန်းကိုတော့ နောင်ချိုမြို့နယ်မှာ ဧပြီ ၁ ရက်ညမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါသေးတယ်။

နိုင်ငံအတွင်း ငလျင်ဒဏ်သင့်နေတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်တာမရှိပေမဲ့စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် စုဖွဲ့လေ့ကျင့် ပြင်ဆင်တာတွေရှိပြီး လိုအပ်လာရင် တန်ပြန်တိုက်ခိုက်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က မနေ့က ပြောဆိုထား ပါတယ်။

အခု ထုတ်ပြန်ချက်မှာလည်း တိုက်ခိုက်လာတာ၊ အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာနဲ့ နယ်မြေချဲ့ထွင်လာမယ်ဆိုရင်တော့ တုံ့ ပြန်မယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အဲဒီလို ကြေညာတာနဲ့ပတ်သက်ပြီး KIO ကလည်း ယာယီအပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ပြီး မြန်မာ စစ်တပ်ဘက်ကလည်း လိုက်နာဖို့ လိုအပ်တယ်လို့ ဧပြီလ ၂ ရက်နေ့ ညပိုင်းမှာပဲ ပြန်လည် ထုတ်ပြန်ထားပါတယ်။

ငလျင်ဘေးကယ်ဆယ်ကူညီဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဌာနကလည်း  မတ် ၃၀ ရက်ကနေ ၂ ပတ်ကြာအပစ်ရပ်ဖို့ကြေညာထားသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့   MNDAA၊ TNLA နဲ့ AA တို့ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ထိုးစစ်တွေမလုပ်ဘဲ တလတာ တဖက်သတ် အပစ်ရပ်တယ်လို့ ဧပြီ ၁ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

KIA တပ်တွေအနေနဲ့လည်း သဘာဝဘေးကြုံနေရတဲ့ကာလမှာ ထိုးစစ်တွေမလုပ်ဖို့ ညွှန်ကြားထားပြီး စစ်ကောင်စီရဲ့ထိုးစစ်ကိုပဲ ခုခံကာကွယ်နေတယ်လို့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီကတော့ ငလျင်ကြီးလှုပ်တဲ့နေ့ကနေ ဒီနေ့အထိ ငလျင်ဒဏ်သင့်ဒေသတွေအပါအဝင် နေရာအများအပြားကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013