ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆွန်ဒေသက ရုရှားသိမ်းပိုက်ထားတဲ့ အိုလက်ရှ်ကီမြို့မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ရွှေ့ပြောင်းရေး လုပ်ငန်းတာဝန်ကို ခွင့်ပြုပေးဖို့ ရုရှားနဲ့ ယူကရိန်း လူ့အခွင့်အရေး အရာရှိတွေက ယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြပါတယ်။
ရုရှားလူ့အခွင့်အရေး ကော်မရှင်နာ ယာနာ လန်ထရာတိုဗာက ယူကရိန်းပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ခေါင်းဆောင်တဲ့ ယူကရိန်းညှိုနှိုင်းရေးခေါင်းဆောင် ဒီမီထရို လူဘီနက်စ်နဲ့ အွန်လိုင်းတွေ့ဆုံမှုအတွင်း လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်အချက်အလက်တွေကို အပြီးသတ်ခဲ့တယ်လို့ စနေနေ့က လူမှုမီဒီယာပို့စ်မှာ ကြေညာပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့တာနဲ့ အရပ်သားတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းရာမှာ လွယ်ကူချောမွေ့စေရေးအတွက် အဲဒီဒေသမှာ ယာယီအပစ်အခတ်ရပ်စဲရေးကို သောကြာနေ့တွင် နှစ်ဖက်သဘောတူခဲ့ကြပါတယ်။
အပစ်အခတ်ရပ်စဲရေးဟာ အဲဒီဒေသမှာ အောက်တိုဘာ ၂၇ ရက်မနက် တနာရီမှာ စတင်အသက်ဝင်မယ်လို့ လူဘိနက်စ်က ပြောပါတယ်။
ယူကရိန်းဘက်မှာလည်း အပစ်အခတ်ရပ်စဲရေးကို ကိယက်ဗ်စံတော်ချိန် မနက် ၃ နာရီမှာ စမယ်လို့ လူဘိနက်စ်က ပြောပါတယ်။
လန်ထရာတိုဗာက နှစ်ဖက်စလုံးဟာ အရင်သဘောတူထားတဲ့ အသေးစိတ် အချက်အလက်တွေကို ပြန်လှန်သုံးသပ်ခဲ့ပြီး ပြီးစီးခဲ့တဲ့ အစီအမံတွေနဲ့အညီ ပြင်ဆင်မှုတွေ ဆက်လုပ်နေပြီး နှစ်ဖက်စလုံး က သူတို့ရဲ့ ကတိကဝတ်တွေကို ကျေပွန်အောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
လုပ်ငန်းတာဝန်ရဲ့ ဦးစားပေးက ဒေသတွင်းက အရပ်သားတွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့လို့ သူက အလေးပေးပြောခဲ့ပါတယ်။
အိုလက်ရှ်ကီမြို့ဟာ ယူကရိန်း ထိန်းချုပ်ထားတဲ့ ခါဆွန်မြို့နဲ့ မျက်နှာချင်းဆိုင် ဖြစ်ပြီး ညီးပါးမြစ်ရဲ့ ဘယ်ဘက်ကမ်းမှာရှိတာပါ။
ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ကတည်းက အိုလက်ရှ်ကီမြို့ဟာ ရှေ့တန်းမှာ ရှိနေခဲ့ပါတယ်။ နေထိုင်သူအများစု ထွက်ခွာသွားကြပေမဲ့ ခန့်မှန်းခြေ လူ ၁၇၀၀ ကနေ ၂,၀၀၀ လောက် ကျန်ရှိနေသေးပြီး အများစုက သက်ကြီးရွယ်အိုတွေနဲ့ ကလေး အယောက် ၅၀ လောက် ထွက်သွားခွင့် မရခဲ့ကြပါဘူး။
ဒီမြို့ဟာ ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ တခြားလိုအပ်တဲ့ အထောက်အပံ့တွေ ပိုဆိုးဆိုး ရွားရွား ပြတ်တောက်တာတွေ ကြုံတွေ့နေရပါတယ်။
Source: Reuters











