
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်တွေကို စစ်ကောင်စီရဲ့ ရေတပ်ကနေ ဒီကနေ့ မတ် ၁၉ ရက် နေ့လယ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သံတွဲပင်လယ်ပြင်မှာ ရပ်နားထားတဲ့ ရေတပ်နဲ့ ကင်းလှည့်နေတဲ့ ရေတပ်ကနေ ဒီကနေ့ နေ့လယ်ပိုင်းမှာ သံတွဲ မောင်ရွှေလေး ရေတပ်နဲ့ သူတို့ရဲ့တပ်ရင်းဟောင်းတွေကို လက်နက်ကြီးကျည် ၅ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သံတွဲဒေသခံတယောက်က ပြောပါတယ်။
“ဒီနေ့ မောင်ရွှေလေးရေတပ်ဘက်နဲ့ သူတို့နေခဲ့တဲ့ တပ်ရင်းဟောင်းတွေကို ပစ်တယ်။ ၅ ခါထက် မနည်းဘူး၊ လူအထိအခိုက် ရှိ၊ မရှိတော့ မသိရသေးဘူး။ ပျက်စီးမှုတော့ ပစ်ခတ်တိုင်းရှိတယ်။”
မတ် ၁၆ ရက်နေ့ကလည်း ဂွမြို့၊ ငလီမြို့နယ်ကိုလည်း စစ်ကောင်စီရေတပ်ကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ပစ်တာက ရက်ခြားလည်း ပစ်တယ်။ အမြဲလိုလိုလည်း ပစ်တယ်။ ဒေသခံတွေက ပင်လယ်ကမ်းစပ်ရွာတွေ ဆိုမနေရဲတော့ဘူး။ လုပ်ကိုင်စားသောက်ဖို့ မရအောင် ပစ်နေတာ။”
အခုလို စစ်ကောင်စီ ရေတပ်က နေ့တိုင်းလိုလို လက်နက်ကြီး ပစ်ခတ်နေမူကြောင့် သံတွဲ၊ ဂွမြို့နယ် ပင်လယ်ကမ်းနီး ကျေးရွာတွေက ဒေသခံတွေဟာ ထပ်မံစစ်ရှောင်နေရတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
သံတွဲပင်လယ်ပြင်မှာဆိုရင် သံတွဲ-မာန်အောင်-ရမ်းဗြဲ-ကျောက်ဖြူကို ကင်းလှည့်နေတဲ့ ရေတပ်သင်္ဘော ၂ စီးနဲ့ ကျောက်ချထားတဲ့ တစီး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရေတပ်သင်္ဘောတွေက ဒေသခံ ငါးဖမ်းစက်လှေ၊ ဘုတ်တွေကို သေနတ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် ဖမ်းဆီးတာတွေ လုပ်တဲ့အတွက် ဒေသခံရေလုပ်သားတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။
သံတွဲမြို့နယ်မှာလည်း မတ် ၁၈ ရက် မနက်က ထင်းခွေသွားတဲ့ မောင်ရွှေလေးရွာက စစ်ရှောင် ဦးကျော်မင်းထွန်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ပြတ်သွားတယ်လို့ သိရပါတယ်။
သံတွဲဒေသခံတယောက်က “သူက အရင်က မောင်ရွှေလေးရွာမှာ နေတာပါ။ တိုက်ပွဲကာလတုန်းက မော်ရုံဘက်ကို စစ်ရှောင်လာတာ။ အဲဒီလို စစ်ရှောင်ရင်း စားဝတ်နေရေးအတွက် စစ်ကောင်စီ နေခဲ့တဲ့ တောင်ကုန်းပေါ်ကို ထင်းသွားခုတ်တဲ့အချိန်မှာ မိုင်းနင်းမိသွားတာ” လို့ ပြောပါတယ်။
မိုင်းနင်းမှုကြောင့် ဦးကျော်မင်းထွန်းမှာ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားပြီး အရေးပေါ် ဆေးကုသမှု ခံနေရတယ်လို့ သံတွဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ခြေထောက်ကတော့ ဖြတ်လိုက်ရတယ်။ လက်ရှိ ဆေးကုသမှု ခံနေရတယ်။ ဆေးကုသဖို့ စရိတ်က မတတ်နိုင်ဘူး။”
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် တပ်ဆုတ်ပြေးခဲ့စဉ်က တပ်ရင်း၊ လယ်ကွင်း၊ တောင်ကုန်း၊ ယာခင်း၊ စိုက်ခင်း၊ ရေကမ်းစပ် စတဲ့နေရာတွေမှာသာမက အနားယူနေခဲ့တဲ့ နေရာတွေမှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တယ်လို့ သိရပါတယ်။











