DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းဆိုက်၊ လူဦးရေ ၃ ပုံ ၁ ပုံ အကူအညီ လိုအပ်နေ
DVB
·
April 2, 2025
မြန်မာပြည် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းဆိုက်၊ လူဦးရေ ၃ ပုံ ၁ ပုံ အကူအညီ လိုအပ်နေ
Donate to DVB

ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံမှာ လူဦးရေ ၃ ပုံ ၁ ပုံဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေတဲ့အကြောင်း World Vision အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ခတ်ပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မိသားစုနဲ့ ကွဲကွာနေကြရတဲ့ ကလေးသူငယ်တွေအနေနဲ့ အလွဲသုံးစားလုပ်မှုနဲ့ ခေါင်းပုံဖြတ်ခံရမှုအန္တရာယ် ပိုများလာနိုင်တဲ့ အကြောင်းလည်း သတိပေးထားပါတယ်။

နယူးဇီလန်အခြေစိုက် World Vision New Zealand အဖွဲ့ရဲ့ ဒါရိုက်တာ ဂရန့်ထ် ဘေလ်ဒန်က ငလျင်ဟာ မြန်မာနိုင်ငံထဲက ရုန်းကန်နေရတဲ့ ကလေးသူငယ်တွေနဲ့ မိသားစုတွေအတွက် ဆိုးရွားတဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါက အကျပ်အတည်းပေါ် အကျပ်အတည်းဆင့်တဲ့ အခြေအနေပါ။ ဒီငလျင်မလှုပ်ခင်ကတောင် မြန်မာနိုင်ငံက ကလေးသူငယ်တွေနဲ့ ရပ်ရွာလူထုတွေက တော်တော့်ကို ဒုက္ခရောက်နေခဲ့ပြီးပါပြီ။ ငလျင်ဒဏ်ခံရအပြီး သူတို့ရဲ့ ဒုက္ခတွေက ကြီးမားပါတယ်။ သူတို့ ချက်ချင်းလိုအပ်နေတဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးဖို့သာမကဘဲ ဒီငလျင်ကြောင့် ပျက်စီးသွားတဲ့နောက် ပြန်လည် တည်ဆောက်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အပူတပြင်း လိုအပ်နေပါတယ်။”

World Vision အဖွဲ့ကတော့ ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆင်းရဲမွဲတေမှု အခြေအနေအောက် နေထိုင်ကြရတဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။

မြန်မာအခြေစိုက် World Vision Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာကြည်မင်းကလည်း သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွေမှာ ကလေးသူငယ်တွေဟာ အမြဲတမ်း အန္တရာယ်အရှိဆုံး အခြေအနေမှာ ရှိနေတဲ့အကြောင်း ပြောပါတယ်။

"သဘာဝဘေးဒဏ်သင့်ဒေသတွေက ကလေးသူငယ်တွေက အထိခိုက်ဆုံးတွေထဲ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာ ဒီကလေးသူငယ်တွေဟာ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ အခုအခါ အများစု အိုးမဲ့အိမ်မဲ့ဖြစ်ကြပြီး တချို့က မိသားစုနဲ့ ကွဲကွာသွားပြီး သူတို့မှာ အလွဲသုံးစားပြုမှုအန္တရာယ် ပိုများစေပါတယ်။”

လတ်တလောမှာတော့ World Vision အဖွဲ့က ငလျင်ဒဏ် အဆိုးဝါးဆိုး ရိုက်ခတ်ခံခဲ့ရတဲ့ မန္တလေးတိုင်း ဒေသကြီးအတွင်း အစားအသောက်၊ ရေသန့်နဲ့ ယာယီအမိုးအကာတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေ စတင်ဖြန့်ဝေနေပြီဖြစ်ကာ အဖွဲ့အစည်းအနေနဲ့ ထိခိုက်ခံစားရတဲ့ ကလေးသူငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းရေးနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် World Vision အနေနဲ့ ကလေးသူငယ်ဦးရေ ၂ သိန်း အပါအဝင် လူပေါင်း ၅ သိန်းလောက်ကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ရည်မှန်းထားပြီး အထိခိုက်ဆုံးဒေသတွေမှာ ဒေါ်လာ ၅ သန်းနဲ့ တုံ့ပြန်ကူညီဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်တခု လှုပ်ခတ်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိပ်တန်းအဆင့် အကျပ်အတည်းအဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)က သတ်မှတ်ထားပါတယ်။

အမိုးအကာမရှိဘဲ ခိုကိုးရာမဲ့ ဖြစ်နေတဲ့ လူပေါင်းများစွာအတွက် အကူအညီတွေ ပေးပို့လိုက်ပြီး မန္တလေးနဲ့ နေပြည်တော်ဒေသတွေက ငလျင်ဘေးသင့်သူ ၂၅,၀၀၀ ကို အရေးပေါ် ထောက်ပံ့နေတယ်လို့ UNHCR က ပြောပါတယ်။

သောကြာနေ့က ငလျင်အပြီးမှာ အမိုးအကာ၊ ရေသန့်နဲ့ ဆေးဝါးတွေ ပြတ်လပ်နေပြီး အဆောက်အအုံတွေ ပျက်စီးတဲ့အပြင် ‌နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ သေဆုံးသူ များခဲ့ပြီး လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အအုံတွေ၊ စေတီပုထိုးနဲ့ ဘာသာရေး အဆောက်အုံတွေ အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၃,၇၅၆ ယောက်အထိ ရှိနေပြီလို့ ဧပြီ ၁ ရက် ည ၈ နာရီအထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013