DVB Logo
Home
မြန်မာသတင်း
ကယ်ဆယ်ရေးအဖွဲ့များကို တိုက်ခိုက်ပါက ပြန်လည်တုံ့ပြန်သွားမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
April 2, 2025
ကယ်ဆယ်ရေးအဖွဲ့များကို တိုက်ခိုက်ပါက ပြန်လည်တုံ့ပြန်သွားမည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

သဘာဝဘေးအတွက် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေကို လက်နက်ကိုင် တိုက်ခိုက်လာခဲ့ရင် ပြန်လည်တုံ့ပြန်သွားမယ်လို့ ငလျင်ဒဏ်သင့်နေတဲ့ မြို့ရွာတွေကို ဗုံးကြဲနေတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဧပြီ ၁ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ငလျင်ဒဏ်သင့်ဒေသတွေ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

“နိုင်ငံအတွင်း ငလျင်ဒဏ်သင့်နေတဲ့ အချိန် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်တာ မရှိပေမဲ့ စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် စုဖွဲ့လေ့ကျင့်ပြင်ဆင်တာတွေ ရှိပြီး လိုအပ်လာပါက တန်ပြန်တိုက်ခိုက်သွားမှာ ဖြစ်တယ်”လို့ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က အခုလို ပြောနေပေမဲ့ ဧပြီ ၁ ရက် ည ၉ နာရီကျော်က နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနားမှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ တရုတ် ငလျင်ဘေးကူညီကယ်ဆယ်ရေး သမားတွေ နောက်ပြန်လှည့်သွားခဲ့ရပါတယ်။ 

ဒီအကြောင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း  တရုတ် ကြက်ခြေနီယာဉ်တန်း ရပ်မပေးတဲ့အတွက် စစ်တပ်က မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ဖောက်တားဆီးခဲ့တာလို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က “ငလျင်ဖြစ်နေတဲ့အချိန် နောင်ချို၊ စစ်ကိုင်းနဲ့ အညာဒေသတွေကို နည်းမျိုးစုံနဲ့ ဗုံးကြဲနေတဲ့ သတင်းကို နိုင်ငံတကာက သိသွားမှာစိုးလို့ သတင်းကို ဖုံးချင်တော့ PDF တွေက လူမှုကယ်ဆယ်ရေးယာဥ်ကို ပစ်လို့ သတင်းကို ပြန်လုပ်ရတယ်ဆိုတဲ့ ပုံစံမျိုးလုပ်တာ” လို့ သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက မတ် ၂၉ ရက်မှာ စစ်ကိုင်းမှာ လူမှုကယ်ဆယ်ရေးယာဥ် တစ်စီးကို PDF တွေက ပစ်ခတ်ခဲ့တယ်လို့ သတင်းမှားတွေဝါဒဖြန့်ခဲ့ပြီး မတ်လ ၃၀ ရက်မှာ ငဖဲမြို့၊ အမ်း-ပဒါန်းလမ်းက စစ်ကောင်စီတပ်စခန်း AA နဲ့ PDF အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝါဒဖြန့်ခဲ့တာလို့ သူက ရှင်းပြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေက ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေမှာ ထိုးစစ်တွေ မပြုလုပ်ဘဲ တလတာ တဖက်သတ် အပစ်ရပ်ကြောင်း ဧပြီလ ၁ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိုးစစ်ရပ်လိုက်ပေမဲ့ စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ရမခနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“တပ်က သင်္ကြန်မတိုင်ခင် နောင်ချို ရအောင်ယူပေးတဲ့အဖွဲ့ကို ရာထူးတိုးပေးမယ်ဆိုလို့ အခုထိ တိုက်နေတာ။ မနေ့က နောင်ချိုလေး ပြန်ရတယ်လို့ ကက(ကြည်း) ဓာတ်ပုံမှတ်တမ်းတွေ၊ ဗွီဒီယိုတွေ ပို့တယ်။ တောင်ခမ်းက အရာရှိတချို့တောင် တရုတ်ယာဥ်တန်းပစ်တဲ့ကိစ္စကို ဖြေရှင်းနေရတယ်။”

မနေ့က ပြုလုပ်တဲ့ အလှူငွေပေးအပ်ပွဲမှာ ပြည်တွင်းလုပ်ငန်းရှင်တွေက စစ်ခေါင်းဆောင်ကို ငွေသား ကျပ် ၁၀၄ ဒသမ ၄၄ ဘီလီယံနဲ့ အလှူပစ္စည်း ကျပ် ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၁၆ ဒသမ ၈၄ ဘီလီယံ လှူဒါန်းခဲ့ပါတယ်။

စစ်ကောင်စီက ကောက်ယူထားတဲ့ ဧပြီ ၁ ရက်အထိ စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူ ၂,၇၁၉ ယောက်နဲ့ ဒဏ်ရာရသူ ၄,၅၂၁ ယောက်ရှိပြီး မြေပြင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေနဲ့ ကွဲလွဲမှုတွေ ရှိနေပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၃,၈၄၈ ယောက်အထိ ရှိနေပြီလို့ ဧပြီ ၂ ရက် နေ့လယ် ၁  နာရီအထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013