Home
မြန်မာသတင်း
ငလျင်ဘေးသင့် စစ်ကိုင်းဒေသကို  စစ်တပ်က စက်တပ်လေထီးဖြင့် တိုက်ခိုက်
DVB
·
April 1, 2025

အင်အားပြင်း ငလျင်ဘေးသင့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က ထိုးစစ်မရပ်သလို   စက်တပ်လေထီး (Paramotor)နဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေလည်း ဆက်ရှိနေတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဘက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ မတ် ၃၁ ရက်နေ့ တညတည်းမှာတင် စစ်ကောင်စီဘက်က စက်တပ်လေထီး ပါရာမော်တာနဲ့ ၅ ကြိမ်လာရောက်တိုက်ခဲ့တယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။ 

ဒါ့အပြင် ဘုတလင်နဲ့ မြင်းမူဘက်မှာလည်း စစ်ကြောင်းထိုးတာ၊ ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာတွေဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

မုံရွာသပိတ်ဦးဆောင်ကော်မတီကော်မတီဝင် ကိုခန့်ဝေဖြိုးက "ငလျင်လှုပ်ခတ်ပြီးနောက်မှာဆိုရင် ကျနော်တို့ ဒေသဘက်မှာဆိုရင် စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေ ဆက်ပြီးတော့ လုပ်နေတယ်။  ကျေးရွာတွေဘက်မှာဆိုရင်လည်း လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ကို လုပ်နေတာတွေရှိပါတယ်။ မနေ့ညကဆိုရင်လည်း ချောင်းဦး အရှေ့မြောက်ခြမ်းမှာဆိုရင်လည်း လေကြောင်းကနေ ပါရာမော်တာနဲ့ ၅ ကြိမ်လောက်ပစ်သွားတာရှိပါတယ်။ မြင်းမူမြို့နယ်မှာဆိုရင်လည်း စစ်တပ်က ဝင်ရောက်စီးနင်းတာတွေ၊ ဘုတလင် မြို့နယ်မှာဆိုရင်လည်း ညခင်းဘက်စစ်ကြောင်းထိုးတာတွေ၊ ဒါကတော့ သူတို့ မရပ်မနားဘဲ လုပ်နေတာကို တွေ့ရတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ကချင်၊  ရခိုင်နဲ့ ရှမ်းနဲ့ ကရင်အပါအဝင် တခြားဒေသတွေမှာလည်း စစ်ကောင်စီရဲ့ ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊  လက်နက်ကြီးပစ်ခတ်မှုတွေ  ဆက်ရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလိုမျိုး နိုင်ငံလုံးအတိုင်းအတာနဲ့ အကူအညီလိုအပ်နေချိန်မှာ စစ်ကြောင်းတွေ မရပ်တာက လူမဆန်တာပဲဖြစ်တယ်လို့ မုံရွာသပိတ်ဉီးဆောင်ကော်မတီဘက်က ဝေဖန်ပါတယ်။

ကိုခန့်ဝေဖြိုးက "စစ်ကောင်စီရဲ့ လုပ်ရပ်က တကယ့်ကို သမိုင်းမှတ်တမ်းဝင်တယ်ပေါ့ဗျာ။ ဒီလို ပြည်သူလူထု စိုးရိမ်သောက ဗျာပါဒတွေ များနေတဲ့အချိန်၊ သဘာဝဘေးအန္တရာယ် တကယ့်ကို သမိုင်းတလျှောက်အကြီးမားဆုံးထဲမှာပါတဲ့ ငလျင်သဘာဝဘေးကြုံနေရတဲ့အချိန်မျိုးမှာတောင်မှ စစ်ကောင်စီက ထိုးစစ်တွေကို မရပ်ဘဲနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လေကြောင်းနဲ့တိုက်ခိုက်တွေ လုပ်နေတာကိုက လူမဆန်ဘူးလို့ပဲ ပြောချင်ပါတယ်"

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်လှုပ်လို့ တနိုင်ငံလုံး ထောင်ချီသေဆုံးပြီး အိုးအိမ်တွေပျက်စီးဆုံးရှုံးမှုကြီးမားခဲ့တာကြောင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အရေးကြီးလိုအပ်နေချိန်မှာပဲ စစ်ကောင်စီက အခုလိုမျိုး ထိုးစစ်တွေကို မရပ်မနားလုပ်နေတာဖြစ်ပါတယ်။

DVBက ကောက်ယူရရှိထားတဲ့စာရင်းတွေအရဆိုရင် ငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၃၂၀၀ ဝန်းကျင်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူ ၄၅၀၀ ကျော်ရှိနေပြီဖြစ်သလို ပျောက်ဆုံးနေသူတွေလည်း ရာနဲ့ချီ ရှိနေပါတယ်။ 

ထက်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024