
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာတဝိုက်ကို ဧပြီ ၁ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဒရုန်းနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝါရှောင်ဆရာတော်က မိန့်ပါတယ်။
“ဒီမနက်က လမြန်ရွာတဝိုက်မှာ မနက် ၇ နာရီကျော်ကျော်လောက်ကနေ ၉ နာရီထိုးခါနီးအထိ အဲ့မှာ ဒရုန်းနဲ့ လာပစ်တယ်။ ဘုန်းဘုန်းတို့ကြားတာက အသံက ၅ ချက်လောက် တိတိကျကျ ကျယ်ကျယ်လောင်လောင် ကြားရတော့ ဘုန်းဘုန်းတို့က ဒီမှာ ကလေးတွေလည်းရှိတော့ လမြန်ရွာကနေလာရင် ဝါရှောင်ရွာကြားမှာရှိတော့ သွားလာရင် ၁၀ မိနစ် ၁၅ မိနစ်လောက်နဲ့ ရောက်နိုင်တဲ့ နေရာကြီး ဖြစ်နေတာလေ။ အဲဒါကြောင့် အဲဒီအခြေအနေကို တင်လိုက်တာပါ။ အခုလောလောဆယ်ကတော့ အသံငြိမ်သွားပါပြီ။”
အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်ဘက်ကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ ရှိနိုင်တဲ့ နေရာတွေကို ဒရုန်းနဲ့ လာရောက်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
မတ် ၂၀ ရက်လောက်ကစပြီး လမြန်၊ ၀ူယန်၊ နန့်ဝါ စတဲ့ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဝိုင်းမော်-ချီဖွေ လမ်းကြောင်းတလျှောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နေရာယူ လှုပ်ရှားနေတဲ့ နေရာတွေဆီ စစ်ကောင်စီတပ်ဘက်က ဆက်တိုက် ထိုးစစ်ဆင်လာတာကြောင့် ငလျင်မတိုင်ခင်က လမြန်၊ ၀ူယန်၊ နန့်ဝါကျေးရွာ၊ ဝါရှောင်တွေဘက်မှာ ထိတွေ့တိုက်ပွဲတွေ ရှိနေခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလလောက်ကစပြီး အခြေအနေ တည်ငြိမ်နေခဲ့တာ ဖြစ်ပေမဲ့ KIA ရှိတဲ့နေရာတချို့ကို စစ်တပ်က ဒရုန်း၊ လေယာဉ်တွေနဲ့ မကြာခဏ ဗုံးကြဲတာတွေအပြင် မြေပြင်နေရာတချို့မှာလည်း နှစ်ဖက်ပစ်ခတ်မှုတွေ မကြခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဝါရှောင်ဆရာတော်က “သူတို့က ငလျင်မဖြစ်ခင်ကတည်းက ဒီမှာ ဝူယန်ကနေ ဝါရှောင်ဘက်ကျောအထိက သူတို့က တော်လှန်ရေးအဖွဲ့တွေနဲ့ စကစအဖွဲ့တွေက နီးနီးလေးမြင်နေရတာ ဟိုဘက်နဲ့ ဒီဘက်။ ဟိုဘက်က စစ်ကြောင်းထိုးလာရင်လည်း ဘုန်းဘုန်းတို့က ကြားနေ သိနေတာပေါ့။ သူတို့ စစ်ဆိုင်ထားတဲ့ အနေအထားကနေ ငလျင်လှုပ်သွားတာကိုး။ ငလျင်လှုပ်သွားပြီး နောက်တရက်ကနေ ငြိမ်နေတယ်။ ငြိမ်ပြီးတော့ ဒီနေ့မှာ တခါပြန်ပြီးတော့ အသံပြန်ထွက်လာတာ။ နဂိုကတော့ သူတို့ စစ်ဆိုင်နေကြတယ်၊ စစ်ပြင်နေကြတယ်။ အဲဒါမျိုး ရှိထားပြီးသားလေ” လို့ မိန့်ပါတယ်။
လက်ရှိ ဝိုင်းမော်မြို့ပြင်ဘက် နေရာအားလုံးမှာတော့ KIA ဘက်က နေရာယူ ထိန်းချုပ်ထားပြီး မြို့အဝင်အထွက်လမ်းကြောင်း အားလုံးကိုတော့ စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ရပ်နားတာတွေ မရှိတဲ့အတွက် ခုခံတိုက်ပွဲတွေ ဖော်ဆောင်နေရတာလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်းမီဒီယာတွေကို ပြောပါတယ်။
မတ် ၃၁ ရက်မှာလည်း မိုးညှင်းခရိုင် KIA တပ်မဟာ ၈ ဒေသထဲကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဖုန်း၊ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် အသေးစိတ် မသိရသေးပါဘူး။
ဟန်န