
ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၁၅ ယောက်ကို ထိုင်းစစ်တပ်က မတ် ၃၁ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ မဲဆောက်မြို့နယ်၊ မယ်တောင် ကျေးရွာ ရပ်ကွက် ၆ ဘက်ကို ဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၂ ယောက်၊ မလေးရှားနိုင်ငံသား ၃ ယောက်ကို ထိုင်းစစ်တပ်က လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေချိန်တွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။
ဖမ်းမိသူတွေဟာ မြဝတီ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့သူတွေဖြစ်ပြီး ကိုယ့်တိုင်းပြည်ကို ပြန်လိုတဲ့အတွက် အခုလို ဝင်ရောက်လာတာလို့ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၁၅ ယောက်ကို ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။