
ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မဲ့ အန်ဒိုနီ အီရာအိုလာရဲ့နေရာမှာ အစားထိုးဖို့ ဘုန်းမောက်အသင်းဟာ ဂျာမန်လူမျိုးနည်းပြ မားကိုရိုစ်နဲ့ ဆွေးနွေးမှုတွေ အဆင့်မြင့်လာခဲ့ပါတယ်။
အသက် ၄၉ နှစ်အရွယ် မားကိုရိုစ်ဟာ ဒေါ့မွန်၊ လိုက်ပ်ဇစ်နဲ့ ဆာလ်ဘတ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဝါရင့်နည်းပြတယောက် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မတ်လက လိုက်ပ်ဇစ်ကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။
လက်ရှိနည်းပြ အီရာအိုလာကလည်း ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်းနဲ့ နည်းပြသစ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်အချို့ ရရှိထားတယ်လို့ ဆိုပါတယ်။
မားကိုရိုစ်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးကစားဟန်ဟာ ဘုန်းမောက်ရဲ့ လက်ရှိကစားကွက်နဲ့ ကိုက်ညီမှုရှိတာကြောင့် အင်္ဂလန်မြေမှာ သူ့ရဲ့ပထမဆုံး စိန်ခေါ်မှုကို စတင်ဖို့ အခွင့်အရေးကောင်း ဖြစ်နေပါတယ်။











