
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတယောက်ကို လူမဆန်စွာ အဓမ္မပြုကျင့် သတ်ဖြတ်တဲ့အမှုနဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးနိုင်ဖို့ ရခိုင်အမျိုးသမီးကွန်ရက်က တောင်းဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုမှာ ပြစ်မှုကျူးလွန်သူ တရားခံ ၃ ယောက်ကို AA ရဲ့ ဒီလပ်အဖွဲ့က ဖမ်းဆီးထားပြီး ပြစ်မှုကျူးလွန်သူတွေကလည်း ဝန်ခံထားပြီလို့ AA က သတင်းထုတ်ပြန်ပြီးနောက် အခုလို တောင်းဆိုလိုက်တာပါ။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ကို လူမဆန်စွာ အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တဲ့အမှုက ကျုးလွန်သူ တရားခံ ၃ ယောက်ကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်မှာ စစ်ဆေး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း တရားခံ ၃ ယောက်ဟာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပြီလို့ ဒီကနေ့ ဇူလိုင် ၂၇ ရက်မှာ AA ရဲ့ ဒီလပ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခုလိုမျိုး လူမဆန်စွာ အဓမ္မပြုကျင့် သတ်ဖြတ်တဲ့အမှုနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကတော့ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးနိုင်ဖို့ တောင်းဆိုပါတယ်။
“ကျမတို့ ကြုံတွေ့လာရတဲ့ ကျမတို့ ရင်ဆိုင်လာရတဲ့ သက်ငယ်မုဒိမ်းတို့၊ အရွယ်ရောက်ပြီးသား သူတွေရဲ့ မုဒိမ်းမှုတွေ တော်တော်များများထဲမှာ ဒါက အရက်စက်ဆုံးလည်း ဖြစ်နေတယ်။ တော်တော်လေးကို ခံရခက်ခက်နဲ့ သူ့ကိုယ်သူ အသေသတ်လိုက်ပါတော့လို့ ဘယ်လောက် တောင်းဆိုလိုက်လိမ့်မလဲပေါ့နော်။ အဲဒီလို မသေမရှင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှီးဖြတ်ခံနေရတဲ့အချိန်မှာ ဘယ်လောက်များ နာကျင်လိုက်မလဲ။ သူ့ရဲ့ နာကျင်ချက်တွေကိုပဲ ကျမတို့က စဉ်းစားလို့ တွေးမဆုံးဘူး။ ညဆို အိပ်တောင် မပျော်ဘူးပေါ့လေ။ ပြီးတော့လည်း ကျမတို့ အမျိုးသမီးတွေ အနေနဲ့ လုံခြုံမှု လုံးဝကင်းမဲ့သွားပြီဆိုတဲ့ အနေအထားကိုလည်း သက်ရောက်တယ်။ ဒီအမှုကို ဆုံးဖြတ်တဲ့နေရာမှာလည်း မှန်ကန်စွာနဲ့ သူတို့ကို ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ပေးသင့်တယ်။ ရှင်းရှင်းပြောရရင် အများတွေ တောင်းဆိုသလိုပဲ ကိုယ်ကလည်း သေဒဏ်ထိ သူတို့ကို စီရင်သင့်တယ်လို့ ယူဆတယ်။”
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ရွာက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တယောက် ယိုးတရုတ်မြောင်ကို သွားစဉ် ပျောက်ဆုံးသွားခဲ့တာပါ။
အဲဒီနောက် ဇူလိုင် ၂၂ ရက် ညနေပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်-ကျော်ဇံရွာသွား လမ်းဘေးရှိ သရက်တောခြံအတွင်း မြောင်းထဲမှာ လက်ထိပ်နောက်ပြန်ခတ်ထားပြီး မှောက်လျက် သေဆုံးနေတဲ့ အမျိုးသမီး ရုပ်အလောင်းကို ဒေသခံအမျိုးသမီးတယောက်က စတင်တွေ့ရှိခဲ့ပြီး ဒီလပ်ဌာနကို သတင်းပေးပို့ခဲ့တာပါ။
အလောင်းကို စစ်ဆေးရာမှာ ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်အင်္ကျီလက်ရှည် ဝတ်ဆင်ထားပြီး အောက်ပိုင်း အဝတ်အစားမရှိတဲ့အပြင် ဦးခေါင်းနောက်စေ့မှာလည်း ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာတော့ အမှုအမှတ် (ပ) ၁၈/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ တရားခံတွေကို စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဒီလပ်ဌာနက ဆိုပါတယ်။
စုံစမ်းစစ်ဆေးရာမှာ အဲဒီ အမျိုးသမီးငယ်ကို အသက် ၃၇ နှစ်အရွယ် မောင်တင်ဝင်းက အဓမ္မပြုကျင့်နိုင်ဖို့ ကြိုတင်ကြံရွယ်ပြီး လူမှုရေးကိစ္စ အကူအညီလိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လှည့်ဖြား ခေါ်ယူသွားခဲ့ပြီးနောက် အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တာလို့ သူ့ရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။
သူနဲ့အတူ မောင်အေးကျော် (ခ) မောင်ပု (၂၉ နှစ်) နဲ့ မောင်သန်းစိုး (ခ) င/လုံး (၂၁ နှစ်) တို့ ၂ ယောက်လည်း ဘေးတွဲဆိုင်ကယ်နဲ့ လိုက်ပါလာခဲ့ကြပြီး အဓမ္မပြုကျင့်နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးငယ်အနေနဲ့ အဓမ္မပြုကျင့်ခွင့် မပြုတဲ့အတွက် အနီးရှိ ကျောက်ခဲနဲ့ လည်ကုတ်၊ မျက်နှာနဲ့ ဦးခေါင်းတို့ကို ထုရိုက်ကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး အလောင်းကို ရေအိုင်ထဲမှာ ဆွဲချ ဝှက်ထားတယ်လို့ မောင်တင်ဝင်းရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။
အလားတူ ကျန်ပူးပေါင်းပါဝင်သူ မောင်အေးကျော်နဲ့ မောင်သန်းစိုးတို့ကို စစ်ဆေးရာမှာလည်း မောင်တင်ဝင်းရဲ့ ထွက်ဆိုချက်အတိုင်း ဝန်ခံကြတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်မှာတော့ ၃ ယောက်လုံးကို ဒီလပ်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကနေ လက်ရှိ ၂၀၂၆ ဇူလိုင်လအထိ အဓမ္မပြုကျင့်မှု ဖြစ်စဉ် ၁၀ ခုထက်မနည်း ရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း ကျူးလွန်သူတချို့ ပြစ်ဒဏ်မခံရဘဲ ထွက်ပြေးလွတ်မြောက်နေတာတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ထိရောက်စွာ အရေးယူမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတာလားဆိုပြီး ဒေသခံတွေကြား မေးခွန်းထုတ်စရာတွေ ရှိလာနေပါတယ်။
လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက “မုဒိမ်းမှုဖြစ်တဲ့ ကိစ္စတွေကလည်း တော်တော်များတယ်။ ပြီးတော့မှ ဆက်စပ်ပတ်သက်တဲ့ တရားခံတွေ အကုန်လုံးကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတဲ့ ထင်ရှားတဲ့ သက်သေသာဓကတွေကလည်း သိပ်ပြီးတော့ ပြည့်ပြည့်စုံစုံ မရှိခဲ့ဘူး ဆိုပြီးတော့မှ ပြည်သူတွေဘက်က ခံစားရတယ်ပေါ့နော်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေမှာ တရားဥပဒေအရ လိုအပ်ချက်တွေက ဘာတွေလဲ။ ရဲလုပ်ထုံးလုပ်နည်းအရ တခုခု လိုအပ်ချက်တွေ ရှိနေသလားပေါ့။ ဒီအမျိုးသမီးတွေရဲ့ လုံခြုံမှုကို ပေးနိုင်ဖို့ ဆိုတဲ့ကိစ္စမှာ ဘာတွေများ လိုအပ်ချက်တွေ ရှိနေသလဲပေါ့လေ။ ဒါမျိုးတွေကို စဉ်းစားဖို့လည်း လိုတာပေါ့နော်။ ဒီကိစ္စမှာဆိုလို့ရှိရင်လည်း ဒီ လက်ထိပ်ကိစ္စပေါ့နော်။ ဒီလက်ထိပ်က ဘယ်သူ့ဆီကရတဲ့ လက်ထိပ်လဲ ဆိုတာကလည်း လိုတာကို။ ဒီ လက်ထိပ်နဲ့ ဆက်စပ်ပတ်သက်တဲ့ဟာတွေကိုလည်း လေ့လာရမယ်ပေါ့။ လက်ထိတ် ဆိုတာကလည်း ပြည်သူလူထု သာမန်အရပ်သားတွေ ကိုင်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ။ ဒါကို ဆက်စပ်ပြီးတော့ လေ့လာဖော်ထုတ်ရမဲ့ကိစ္စလို့ မြင်ပါတယ်” လို့ ပြောပါတယ်။
အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှု ကျူးလွန်သူ ၃ ယောက်ကတော့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာက မောင်တင်ဝင်း (၃၇ နှစ်)၊ ကြံခင်းစစ်ဘေးရှောင်စခန်းက မောင်အေးကျော် (ခ) မောင်ပု (၂၉ နှစ်) နဲ့ မောင်သန်းစိုး (ခ) င/လုံး (၂၁ နှစ်) တို့ ဖြစ်ပါတယ်။
လက်ရှိမှာ တရားခံတွေကို ချုပ်ရမန်ယူတာ၊ သက်သေခံပစ္စည်းတွေ သိမ်းဆည်းတာနဲ့ လုပ်ထုံးလုပ်နည်းအရ ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ ဒီလပ်ဌာနက ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ လူသတ်မှုကျူးလွန်ရင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) အရ သေဒဏ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်နိုင်သလို မုဒိမ်းမှုကျူးလွန်ရင် ပုဒ်မ ၃၇၆ အရ ကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ ဒါမှမဟုတ် ငွေဒဏ် ချမှတ်နိုင်တယ်လို့ ဆိုထားပါတယ်။
ကေခိုင်










