DVB Logo
Home
မြန်မာသတင်း
စဥ့်ကူး၌ ငလျင်ကြောင့် ရွှေတွင်းပြိုကျပြီး ၃၀ နီးပါးသေဆုံး၊ ၅ ဦးကို ကယ်တင်နိုင်
DVB
·
April 1, 2025
စဥ့်ကူး၌ ငလျင်ကြောင့် ရွှေတွင်းပြိုကျပြီး ၃၀ နီးပါးသေဆုံး၊ ၅ ဦးကို ကယ်တင်နိုင်
1 / 7
Donate to DVB

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲမှာ မတ် ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ရွှေလုပ်ကွက်အတွင်းက ရွှေတွင်းပြိုကျခဲ့ကာ ရွှေတွင်းလုပ်သား ၃၀ နီးပါး သေဆုံးခဲ့သလို ၅ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-လက်ပန်လှ (Myanmar Rescue Let Pan Hla) ရဲ့ တာဝန်ရှိသူက “စဉ့်ကူးမြို့နယ်ထဲက ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ အင်းတော (ရွှေလုပ်ကွက်) အတွင်း ပိတ်မိသူ ၅ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပေမဲ့ ရွှေတွင်းလုပ်သား ၃၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပါတယ်” လို့ ပြောပါတယ်။

အဲဒီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ) နဲ့အတူ လောကသစ္စာ၊ ကရုဏာသစ်၊ သုခဒါန၊ မြတ်ပါရမီ၊ ပြည်သူ့ကယ်ဆယ်ရေးအင်အားစု အသင်းတွေ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-လက်ပန်လှ (Myanmar Rescue Let Pan Hla) ရဲ့ မြို့နယ်ဥက္ကဋ္ဌက “အင်းတော (ရွှေလုပ်ကွက်) ထဲကနေ အခုကယ်တင်နိုင်ခဲ့တဲ့ ၅ ယောက်ကို ငလျင်လှုပ်ပြီးလို့ ရွှေတွင်းပြိုပြီးချိန်ကနေ ၆၅ နာရီကျော်မှ ကယ်တင်နိုင်ခဲ့တာပါ။ ရုပ်အလောင်းကတော့ ၂၇ လောင်း တွေ့ထားပါတယ်။ တွင်းထဲမှာ အသက်ရှင်နေသူတွေ ရှိနိုင်သေးလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ DVB ကို ပြောပါတယ်။

ပြိုကျသွားတဲ့ အဆိုပါ ရွှေလုပ်ကွက်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မတ် ၃၁ ရက် ညနေပိုင်းအထိ ဆက်လက်လုပ်ဆောင်ပေးနေပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် စဥ်ကူးမြို့နယ်အတွင်း သေဆုံးသူ ၅၀ ကျော် အထိရှိလာပြီလို့  ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013