DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့်ဒေသရှိ ဆေးရုံများ၌ လူနာများပြည့်ကျပ်နေ၊ ကယ်ဆယ်ရေးယာဉ်တန်း အတားအဆီးမရှိ သွားခွင့်ပြုရန် ကုလ တောင်းဆို
DVB
·
March 31, 2025
ငလျင်ဒဏ်သင့်ဒေသရှိ ဆေးရုံများ၌ လူနာများပြည့်ကျပ်နေ၊ ကယ်ဆယ်ရေးယာဉ်တန်း အတားအဆီးမရှိ သွားခွင့်ပြုရန် ကုလ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံ၊ ငလျင်ဒဏ်သင့် ဒေသတွေရှိ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကျပ်နေပြီး ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ဆိုးဆိုးရွားရွား ပြတ်တောက်နေကာ လူပေါင်းများစွာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက မတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

လူသားချင်းစာနာထောက်ထားရေးယာဉ်တန်းတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ အကဲဖြတ်ရေးဆိုင်ရာအဖွဲ့တွေကို ထိန်းချုပ်မှုမရှိဘဲ ဘေးဒဏ်သင့်တဲ့ ဒေသတွေကို အတားအဆီးမရှိ သွားရောက်နိုင်ရေးအတွက်လည်း ကုလသမဂ္ဂက တောင်းဆိုပါတယ်။

မြန်မာပြည်အလယ်ပိုင်းမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်မြေငလျင်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကိုယ်စား ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)ရဲ့  ငလျင်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ  သတင်းထုတ်ပြန်ချက်မှာ ခုလို ဖော်ပြထားတာပါ။

နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နိုင်တဲ့ စိုးရိမ်မှုတွေကြောင့် လူထောင်ပေါင်းများစွာဟာ ပျက်စီးနေတဲ့ အိမ်တွေကို ပြန်မဝင်ရဲဘဲ ပြင်ပမှာ အိပ်စက်နေကြရပါတယ်၊ ပြင်းထန်တဲ့ ငလျင်ကြောင့်  ကြီးစွာသော အသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ များစွာ ဖြစ်ပေါ်ခဲ့တာကို မြန်မာနိုင်ငံရှိကုလသမဂ္ဂအနေနဲ့ နက်နက်ရှိုင်းရှိုင်း စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

ကြေကွဲဖွယ်အဖြစ်အပျက်ကြောင့် ထိခိုက်ခံစားရသူအားလုံးနဲ့ တသားတည်း ရှိနေပြီး စာနာဂရုဏာသက်မိတယ်လို့  ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ မာကိုလူဂျီ ကော်စီက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

“ကျနော်တို့တွေ မန္တလေးနဲ့ အနီးတဝိုက်ဒေသတွေမှာ သိသာထင်ရှားစွာ ရှိနေပြီး ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲတွေရှိနေပေမဲ့ အကူအညီလိုအပ်နေသူတွေထံ ရောက်ရှိဖို့ ကျနော်တို့တွေ အကောင်းဆုံး ကြိုးစားနေတယ်။ ဒါပေမဲ့လည်း ရှေ့လာမယ့် ရက်သတ္တပတ်တွေမှာ အများကြီး ပိုလိုအပ်လာမှာပါ။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အသိုင်းအဝန်းတခုလုံးရဲ့ ခိုင်မာတဲ့  ထောက်ပံ့ကူညီမှုကို အခုလက်ငင်းကို လိုအပ်နေတာ”လို့ ပြောပါတယ်။

ငလျင်မလှုပ်မီကတည်းက မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၂၀ နီးပါးသည် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး အခုနောက်ဆုံးကြေကွဲဖွယ်ဖြစ်ရပ်က အရင်ကတည်းက ဆိုးရွားနေတဲ့ အကျပ်အတည်းကို ပိုမိုဆိုးဝါးစေတယ်လို့ မစ္စတာကော်စီက  ပြောပါတယ်။

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက အသက်ကယ် တုံ့ပြန်ဆောင်ရွက်မှုတွေအတွက် ကနဦးငွေ ဒေါ်လာ ၁၅ သန်းကို စုပေါင်း ထည့်ဝင်ထားခဲ့ပြီး အရေးပေါ်သုံးပစ္စည်းတွေ စုစည်းထားတယ်၊ ဒါတွေကို အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့တွေ၊ ခိုလှုံစရာ ပစ္စည်းတွေ၊ တကိုယ်ရေသုံးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာအထောက်အပံ့တို့အတွက် ခွဲဝေသုံးစွဲနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ငလျင်ဘေး တုံ့ပြန်ရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ လိုအပ်သလိုသုံးစွဲနိုင်တဲ့ ရန်ပုံငွေတွေကို ဆောလျင်စွာ ထောက်ပံ့ပေးကြဖို့ အလှူရှင်တွေကို ကုလသမဂ္ဂက အရေးတကြီးတောင်းဆိုလိုက်ပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိအင်အားပြင်း ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေဟာ မန္တလေးနဲ့ စစ်ကိုင်းမြို့အနီးတဝိုက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ပဲခူး၊ မကွေး၊ နေပြည်တော်နဲ့  ရှမ်းပြည်နယ်မှာပါ ထိခိုက်မှုတွေရှိခဲ့တာပါ။

မတ် ၃၁ ရက် ဒီနေ့လယ် ၃ နာရီအထိ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၃,၀၃၄ ယောက်၊ ထိခိုက်ဒဏ်ရာရ - ၃,၅၁၇ ယောက်နဲ့ ပျောက်ဆုံးသူ - ၃၅၉ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013