
ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ အစ္စလာမ် ဘာသာဝင်တွေဟာ မတ် ၃၁ ရက် အီးဒ်နေ့မှာ ဝတ်ပြုဆုတောင်းတာနဲ့ ငလျင်ဘေးသင့်ဒေသတွေ အတွက် အလှူငွေကောက်ခံထည့်ဝင်ခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲပုံစံ မလုပ်ခဲ့ကြဘူးလို့ သိရပါတယ်။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်လပြီးချိန်မှာ အီးဒ်နေ့ကျရောက်တာဖြစ်ပြီး လားရှိုးမြို့က ဘူတာဗလီ၊ လားရှိုးကြီးဗလီ၊ ရပ်ကွက် ၇ ဝတ်ပြုဆောင်၊ ဈေးကြီးဂျာမေ့ဗလီတို့မှာ ဝတ်ပြု ဆုတောင်းခဲ့ကြပြီးနောက် ပြုမြဲဖြစ်တဲ့ အလှူငွေထည့်ဝင်တာအပြင် ငလျင်ဘေးသင့်ဒေသက ပြည်သူတွေဆီ လှူဒါန်းဖို့ အလှူငွေတွေ ကောက်ခံ ထည့်ဝင်ခဲ့ကြတယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးပေ့ဂျ်မှာ ဖော်ပြပါတယ်။
ဝတ်ပြုဆုတောင်းပွဲလာတဲ့ အစ္စလာမ်ဘာသာဝင်တယောက်က “ကျနော်တို့ ဒီမှာ အေးချမ်းစွာ ဝတ်ပြုနိုင်ပေမဲ့ ငလျင်ဘေးသင့်ဒေသက ပြည်သူတွေအတွက် အထူး စိတ်မကောင်းဖြစ်ရပါတယ်။ မန္တလေးမှာဆို ဗလီတွေ ပြိုကုန်တယ်လေ။ ဗလီကျောင်းတော်တွေရဲ့ သက်တမ်းက နှစ်ပေါင်း ရာနဲ့ချီနေပြီ။ ငလျင်ဒဏ် ဘယ်ခံနိုင်ပါ့မလဲဗျာ။ ငလျင်လှုပ်တဲ့အချိန်ကလည်း ဥပုသ်လဆိုတော့ ဗလီမှာ လူများတယ်လေ။ မတွေးရဲစရာပါဘဲဗျာ။ အဲဒါကြောင့် ဒီမှာ ဝတ်ပြုဆုတောင်းတာရယ် အလှူငွေကောက်ခံတာရယ်ပဲ လုပ်ဖြစ်မှာပါ။ ပျော်ပွဲရွှင်ပွဲတော့ မလုပ်တော့ဘူးခင်ဗျ” လို့ ပြောပါတယ်။
လားရှိုးမြို့က အစိုးရအဖွဲ့အပြင် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေဟာ ငလျင်ဘေးသင့် ပြည်သူတွေဆီ လှူဒါန်းနိုင်ဖို့ အခက်အခဲတွေကြားက နည်းမျိုးစုံနဲ့ ကြိုးစားနေကြသလို အဆိုဝါသနာရှင်တွေကလည်း သီချင်းတွေဆိုပြီး အလှူခံနေကြပါတယ်။