
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ငလျင်ဒဏ်ခံရတဲ့ ကျေးရွာကို မတ် ၃၀ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကြောင်းကလည်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Successful Force - Pauk ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ပေါက်အနောက်မြောက်ပိုင်းက ရွာသစ်ကုန်းရွာကို သူတို့ စကစဘက်က စစ်ရဟတ်ယာဥ်နဲ့ ဗုံးကြဲသွားတာပါ။ ဗုံးကြဲပြီးတော့ ကပစ ၂၄ ထဲကို ဆင်းသွားတယ်။ မြေပြင်စစ်ကြောင်းကလည်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက် မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ ၁၀၀ နီးပါးသာရှိတဲ့ အဆိုပါ ရွာသစ်ကုန်းကျေးရွာက လူနေအိမ်အားလုံးနီးပါး မီးလောင်ပျက်စီးခဲ့သလို ပြီးခဲ့တဲ့ မတ် ၂၈ ရက် နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်လည်း ကျေးရွာက ရွာဦးဘုန်းတော်ကြီး ပရဟိကျောင်းနဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ရွာသစ်ကုန်းကျေးရွာ၊ အောင်ချမ်းသာကျောင်းတိုက်၊ ဖြူစင်မေတ္တာ မိဘမဲ့ကျောင်း ဆရာတော် ဦးသုဇနက “အရင်ရက်ပိုင်းက တို့ရွာမှာလည်း ငလျင်ဒဏ်ခံစားခဲ့ရပြီးတော့ ဘုန်းကြီးတို့ ပရဟိတကျောင်းလေးက ပြိုကျပျက်စီးသွားခဲ့ပြီးတော့ ရွာတွေက လူနေအိမ်တွေတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲဒီနေ့က ကျောင်းမှာရှိကြတဲ့ မိဘမဲ့ကလေးတွေထဲက ကလေးငယ် ၈ ယောက်လည်း ဒဏ်ရာရခဲ့တယ်။ အခုလည်း လေယာဥ်နဲ့ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းကလည်း မီးရှို့သွားလို့ ရွာလုံးကျွတ်လောက် မီးလောင်ကုန်ပါတယ်။ ဘုန်းကြီးတို့နဲ့ ကလေးတွေကော ရွာသားတွေကော အခုထိ တောထဲမှာ နေနေကြရပါတယ်။ အရမ်းဆိုးရွားလှပါတယ်။ ထိခိုက်ဒဏ်ရာရတာ အနည်းငယ်ရှိကြပေမဲ့ အသေအပျောက်တော့ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
မတ် ၃၀ ရက် ညနေပိုင်းအထိ ရွာသစ်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း ရှိနေသေးပြီး ငလျင်ဒဏ်ကြောင့် အဆိုပါ ပရဟိတကျောင်း ပျက်စီးသွားသလို လူနေအိမ်တွေ မီးရှို့ခံရတဲ့ အတွက်လည်း ဒေသခံပြည်သူအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
ပေါက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုစစ်မုန်းက “သူတို့ စစ်ကောင်စီဘက်က ငလျင်ဒဏ်ခံရတဲ့ အရေးပေါ်ဒေသလို့ ကြေညာထားတဲ့ ပြည်နယ်နဲ့ တိုင်း ၆ ခုမှာ မကွေးတိုင်း ပါနေတယ်။ ဒါပေမဲ့လည်း လေကြောင်းတိုက်ခိုက်တာတွေကတော့ ရှိနေတယ်။ ပေါက်အနောက်မြောက်ပိုင်းက ရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲပြီး စစ်ကြောင်းက သက်သက်မဲ့ ရွာကို မီးရှို့သွားတယ်လို့ ပြောရမယ်။ အခုတလော မြေပြင်မှာ တကယ်လည်း တိုက်ပွဲမရှိခဲ့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ လူစုလူဝေး မပြုလုပ်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် သတိပေး ထုတ်ပြန်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ငလျင်ဘေးသင့်တဲ့ဒေသတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ် ၃၀ ရက်က စတင်ပြီး ၂ ပတ်ကြာ ရပ်နားထားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။