
အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ စစ်ကိုင်းမြို့၊ သကျမိတာသီလရှင်စာသင်တိုက် အဆောက်အအုံထဲကနေ သီလရှင်တပါး အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသွားတဲ့ သီလရှင် ၃ ပါးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မတ် ၃၀ ရက်မှာ သတင်းထုတ်ပါတယ်။
မြေငလျင်ကြောင့် သကျမိတာသီလရှင်စာသင်တိုက် ပြိုကျပျက်စီးလို့ ပိတ်မိနေသူတွေကို စစ်ကိုင်းတိုင်းမီးသတ်က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရှာဖွေ ကယ်ဆယ်ခဲ့တာမှာ ခုလိုတွေ့ရှိခဲ့တာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဆွမ်းဦးပုညရှင် အဆောက်အအုံ ပြိုကျပျက်စီးလို့ ပိတ်မိနေသူတွေကိုလည်း ရှာဖွေကယ်ဆယ်ခဲ့တာမှာ သေဆုံးသူ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်းတွေ၊ ပညာရေးကောလိပ်၊ အ.ထ.က ၁ စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ မြတ်ကိုယ်ပိုင်ကျောင်း၊ မြို့မဗလီ၊ မိုးကျဗလီ၊ လေးကျွန်းမြေအုတ်ကျောင်း၊ ခရိုင်ပြန်ဆက်ရုံး၊ အင်ကြင်းပင်ကျောင်း၊ နေလဂျုံစက်၊ ဆေးရွက်ကြီးပွဲရုံ၊ သကျမိတာစာသင်တိုက်၊ ထွဋ်ခေါင်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်နဲ့ လူနေအိမ်တွေ ပြိုကျပျက်စီးခဲ့တာပါ။
ငလျင်စလှုပ်တဲ့ အချိန်ကနေ အခုအချိန်ထိ ပိတ်မိလူပေါင်း ၃၆ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၈၈ ယောက်ရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ရဲ့ ဗဟိုချက်ဟာ စစ်ကိုင်းမြို့နဲ့ အနီးဆုံးဖြစ်တာကြောင့် တမြို့လုံးနီးပါးမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။