DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ် အပြင်းဆုံးခံရသည့် စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေး ထိရောက်စွာ မလုပ်နိုင်သေး
DVB
·
March 30, 2025
ငလျင်ဒဏ် အပြင်းဆုံးခံရသည့် စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေး ထိရောက်စွာ မလုပ်နိုင်သေး
Donate to DVB

မတ် ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်သွားတဲ့ အင်အားပြင်း မြေငလျင်ဗဟိုချက်နဲ့ အနီးဆုံးနေရာဖြစ်တဲ့ စစ်ကိုင်းမြို့မှာ ငလျင်ဒဏ်ကြောင့် အပျက်အစီးတွေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကနေ သိရပါတယ်။

စစ်ကိုင်းမြို့ခံတယောက်က “ကျနော်တို့မြို့က မြို့ငယ်လေးထဲကဆိုပေမဲ့ ငလျင်ဗဟိုချက်နဲ့အနီးဆုံးဆိုတော့ ငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရတယ်။ တမြို့လုံးရဲ့ ၇၅ ရာနှုန်းကျော်လောက် ပျက်စီးခဲ့တာပါ။ လက်ရှိမှာတော့ သေဆုံးသူ ၅၀ ကျော် အထက်မှာရှိနေတယ်လို့ စာရင်းတွေအရတော့ သိထားရပါတယ်။ မြို့ပေါ်က ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေလည်း မနားတမ်းတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမဲ့ စက်ယန္တရားကြီးတွေလို ပစ္စည်းတွေမပြည့်စုံတာကြောင့်မို့တော့ ထိထိ ရောက်ရောက် ကူညီနိုင်တာတွေမ လုပ်နိုင်သေးပါဘူး။ စစ်ကိုင်းဘက်ကိုလာတဲ့ လမ်းတွေ တံတားတွေလည်း ပျက်စီးနေတော့ အခုထိကူညီထောက်ပံ့ရေး တွေရောက် မလာကြသေးဘူး”လို့ ပြောပါတယ်။

မတ် ၂၉ ရက် ညနေပိုင်းအထိ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့တဲ့ရုပ်အလောင်း ၂၀၀ နီးပါးကို မီးသင်္ဂြိုလ်ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်တိုက် လုပ်ဆောင်နေကြကာ ငလျင်ဒဏ်ခံရတဲ့ပြည်သူတွေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေအတွက် သောက်ရေနဲ့ အစားအစာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ငလျင်လှုပ်ပြီးကတည်းက စစ်ကိုင်းမြို့မှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေနဲ့ လျှပ်စစ်မီးတွေလည်း ပြတ်နေပါတယ်။ 

စစ်ကိုင်းမြို့ခံက “မြို့ပေါ်မှာကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ မရတဲ့နေရာတွေမရဘူး။ လျှပ်စစ်မီးတွေလည်း တမြို့လုံးပျက်နေတာ။ မြို့ပျက်ကြီးလိုကိုဖြစ်သွားခဲ့တာပါဗျာ။ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်အားလုံး နီးပါး။ စစ်ကိုင်းတောင်ရိုး၊ မင်းကွန်းတောင်ရိုး အကူအညီတွေ လိုအပ်နေတာပါ။ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေရင်းတော့ သေဆုံးသူတွေ ထပ်တွေလာရင် အရေအတွက်ကတော့ တိုးလာဦးမှာပေါ့ဗျာ။ စိတ်မကောင်းတာကတော့ သေဆုံးသွားသူတွေထဲမှာ ကလေးငယ်တွေများတယ်ဗျ” လို့ ပြောပါတယ်။

ငလျင်ဒဏ်အပြင်း အထန်ခံရတဲ့စစ်ကိုင်းမြို့က ရှာဖွေကယ်ဆယ်ရေးလုပ်တွေမှာ အဓိက တာဝန်ရှိတဲ့  စစ်ကောင်စီတပ်က ပါဝင်ကူညီဆောင်ရွက်တာ မတွေ့ရှိရသေးဘူးလို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG]၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ သဘာဝဘေး ကိုကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲအခက်အခဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိမိတို့နယ်မြေအတွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းကာ ငလျင်ဒဏ်ခံခဲ့ရတဲ့ပြည်သူတွေကို အစွမ်းကုန်ကူညီပေးကြဖို့  တိုက်တွန်းထားတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက “MOD ပြည်ထောင် စုဝန်ကြီး ကလည်း တိုက်တွန်းထားလို့ စစ်ကိုင်းမြို့နယ် ပကဖကလည်း သက်ဆိုင်ရာရပ်ကျေး ပအဖ၊ ပကဖတွေပူးပေါင်းပြီးတော့ သူတို့စိုးမိုးနယ်မြေတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေပါပြီ။ စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ကြောင့် သေဆုံးတဲ့ပြည်သူ ၄၀ ကျော်ရှိတယ်လို့လည်း ကနဦးစာရင်းရထားပြီးပါပြီ။ ပျောက်ဆုံးနေသူတွေ လည်းရှိနေပါ သေးတယ်။ မပြည့်စုံတဲ့ကြက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တတ်နိုင်သလောက် ဆက်လုပ်သွားကြမှာပါ” လို့  ပြောပါတယ်။

NUG ထိန်းချုပ်နယ်မြေတွေဖြစ်ကြတဲ့ စစ်ကိုင်းမြို့နယ် (မြို့ပေါ်မပါ) အတွင်းက ပြည်သူ ၁၈ ယောက်၊ ရွှေဘိုမြို့နယ်က ၂ ယောက်နဲ့ စဉ့်ကူးမြို့နယ်က ၂၁ ယောက်တို့ ငလျင်ဒဏ်ကြောင့်သေဆုံးခဲ့ရတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ငလျင်ဘေးသင့်တဲ့ဒေသမှာ ထိုးစစ်အားလုံးကို မတ် ၃၀ ရက်ကစတင်ပြီး ၂ ပတ်ကြာ ရပ်ထားဖို့နဲ့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ အမြန်ဆုံးကူညီဆောင်ရွက်ဖို့ NUG အစိုးရက သူ့ရဲ့အဖွဲ့တွေကို တိုက်တွန်းထားပါတယ်။

Photo: ပရဟိတအဖွဲ့ဝင် (စစ်ကိုင်း)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013