DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် အပုပ်နံ့များထွက်နေပြီး ပိတ်မိနေသူများရှိနေ 
DVB
·
March 30, 2025
စစ်ကိုင်းတွင် အပုပ်နံ့များထွက်နေပြီး ပိတ်မိနေသူများရှိနေ 
Donate to DVB

ငလျင်ဒဏ် ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့မှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆွဲထုတ်နိုင်တာ မရှိသေးတာကြောင့် အပုပ်နံ့တွေ ထွက်နေပြီလို့ စစ်ကိုင်းမြို့ခံတွေထံက သိရပါတယ်။

ငလျင်ကြောင့် စစ်ကိုင်းမြို့တခုလုံးနီးပါး ပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ အဆောက်အဦပျက်တွေကြားမှာ ပိတ်မိနေသူတွေနဲ့ သေဆုံးသူတွေကို ဆွဲထုတ်နိုင်တာမျိုး မရှိသေးတာကြောင့် အပုပ်နံ့တွေရနေကာ ကယ်ဆယ်ရေးအင်အား နည်းပါးတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့ခံတယောက်က “ကယ်ဆယ်ရေးအင်အား အရမ်းနည်းပါတယ်။ ကူညီပေးသူတွေ ရှိပေမဲ့ တမြို့လုံးနဲ့ယှဉ်ရင် ရာခိုင်နှုန်းနည်းနည်းပဲ ရှိတယ်။ ရေ၊ ဆေးဝါး၊ အလောင်းထည့်တဲ့အိတ်တွေ အရမ်းလိုပါတယ်။ ကူညီပေးကြစေချင်ပါတယ်” လို့ ပြောပါတယ်။

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့ဟာ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ပြီး သေဆုံးသူ အရေအတွက်လည်း မန္တလေးမြို့ထက် ပိုများနိုင်သလို လက်ရှိ ဆေးရုံမှာလည်း အလောင်းတွေနဲ့ ပြည့်နေကာ ဒဏ်ရာရသူတွေ များပြားလွန်းတာကြောင့် ဆေးရုံခုတင်တွေ မလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှုတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

ရွှေဘိုကနေ စစ်ကိုင်းကို ကယ်ဆယ်ရေးရောက်နေသူတယောက်က “မြေပြင်အခြေအနေက ထင်ထားတာထက် ၁၀ ဆ ပိုဆိုးပါတယ်။ အခု လက်ရှိ ကျနော်တို့လုပ်နေတဲ့ မင်းလမ်းထဲမှာရှိတဲ့ ဗလီတခုမှာ Dead Body က ၃၅ ခု ရထားပါတယ်။ အသက်ရှင်တဲ့သူတွေလည်း ရှိပါတယ်။ မနေ့ကအထိတော့ ၃၁ ယောက် သင်္ဂြိုဟ်ပြီးသွားပါပြီ။ အခက်အခဲတွေကတော့ အများကြီးပါ။ အစားအသောက်တွေ၊ ရေသန့်တွေ၊ ဆေးဝါးတွေကတော့ အများကြီး လိုအပ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက တခြားမြို့တွေမှာသာ ကယ်ဆယ်ရေးတွေလုပ်နေပေမဲ့ စစ်ကိုင်းမှာတော့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကယ်ဆယ်ရေးတွေ မတွေ့ရဘူးလို့ စစ်ကိုင်းမြို့ကို သွားရောက်ကူညီနေသူတွေက ပြောပါတယ်။

မုံရွာမြို့ကနေ စစ်ကိုင်းကိုရောက်နေတဲ့ ကယ်ဆယ်ရေးသမားတယောက်က “နောက်တပတ်အထိ Dead Body တွေ မထုတ်နိုင်ရင် အခြေအနေ ပိုဆိုးနိုင်သလို ပိတ်မိနေသူတွေ မကယ်ထုတ်နိုင်ရင် သေဆုံးသူအရေအတွက် တိုးနိုင်တယ်။ ကယ်ဆယ်ရေးအင်အားနည်းတော့ တနေရာမှာ အရင်ကယ်ပြီးမှ နောက်တနေရာကို ပြောင်းလို့ရတာ” လို့ ပြောပါတယ်။

စစ်ကိုင်းမှာ အခုလို ကူရာမဲ့နေသလို စစ်ကိုင်းကနေ မန္တလေးဘက်ကို သွားရောက်သူတွေကို စစ်တပ်က သွားခွင့်မပေးဘဲ ငွေကြေးပေးဆောင်မှသာ ဖြတ်သန်းခွင့်ပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေလည်း အခုထိ ကယ်ထုတ်နိုင်တာ မရှိသေးသလို ကူညီမှုတွေလည်း မထိရောက်ဘူးလို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။

မတ်လ ၂၈ ရက်က မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၆၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၃,၄၀၈ ယောက်အထိ ရှိလာပြီး ၁၃၉ ယောက် ပျောက်ဆုံးနေဆဲလို့ စစ်ကောင်စီက မတ် ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013