
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၁၂ လုံး အမိုးလန်၊ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၄ ရက် ညနေ ၆ နာရီလောက်က လေဆင်နှာမောင်းတိုက်ခတ်လို့ ဥက္ကံမြို့ တောင်ဘို့လှကျေးရွာအုပ်စု၊ ပိုးတီကုန်းကျေးရွာမှာ အုတ်ညှပ်သွပ်မိုး နေအိမ် ၇ လုံး၊ သွပ်မိုး ထရံကာ၊ ဓနိမိုးထရံကာ နေအိမ် ၃ လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဓနိမိုးထရံကာ နေအိမ် ၁ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ တယောက်က “ပျက်စီးတဲ့အိမ်တွေထဲ အိမ်ကြီးအိမ်ကောင်းတွေလည်းပါတယ်။ လေက ရုတ်တရက် ဆောင့်တိုက်သွားတာ။ ဒါ့ကြောင့်လည်း ပျက်စီးတာများတာ။ မိုးလည်း တော်တော်ကောင်းတယ်” လို့ပြောပါတယ်။
လေဆင်နှာမောင်းကြောင့် အိမ် ၁၂ လုံး အမိုးလန်ပြိုကျပျက်စီးသွားတဲ့အပြင် ဝက်ခြံနဲ့ နွားခြံ ၃ ခြံ လည်း အမိုးလန်ပျက်စီးခဲ့ပေမဲ့ လူတွေ တိရစ္ဆာန်တွေ သေဆုံးထိခိုက်တာမရှိဘူးလို့ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “လေတိုက်အားက ပြင်းတယ်။ လူတွေထိခိုက်တာမရှိတာဘဲ ကံကောင်းတယ် ပြောရမယ်။ ပျက်စီးဆုံးရှုံးမှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက စစ်ဆေးစာရင်းကောက်ယူနေတာတွေ့ရတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သလို အမျိုးသမီးတယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၁၁ ရက် ညနေပိုင်းကလည်း လှည်းကူး မြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမှာ လေပြင်း တိုက်ခတ်လို့ လမ်းမပေါ် သစ်ပင်လဲကျခဲ့ပါသေးတယ်။










