
အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ အီရန်သင်္ဘောတစင်းကို အမေရိကန်ရေတပ်က ပစ်ခတ်ထိန်းသိမ်းထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၁၉ ရက်က Truth လူမှုကွန်ရက်ကနေ ပြောပါတယ်။
အမေရိကန်တပ်တွေက အီရန်အလံလွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစင်းကို ဖမ်းဆီး ထိန်းချုပ်ထားလို့လည်း ပြောပါတယ်။
ထရမ့်ပ်က “ကျနော်တို့ဟာ သူတို့ရဲ့သင်္ဘောကို အပြည့်အဝ ထိန်းသိမ်းထားပြီး သင်္ဘောပေါ်မှာ ဘာတွေပါလဲ ဆိုတာကို စောင့်ကြည့်နေပါတယ်” လို့ လူမှုမီဒီယာမှာ ရေးပါတယ်။
အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ဆက်လက်ပိတ်ဆို့ထားတာပါ။ စစ်ပွဲမစတင်မီ ၂ လနီးပါးက ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၅ ပုံ ၁ ပုံလောက်ကို ကိုင်တွယ်ခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကတဆင့် ရေကြောင်းခရီးသွားလာမှုကို အီရန်အစိုးရက ပိတ်ဆို့ထားပါတယ်။
အမေရိကန်ရေတပ်ဖျက်သင်္ဘောက အီရန်အလံလွှင့်ထားတဲ့ ကုန်တင်သင်္ဘောကို ပစ်ခတ်နေတဲ့ ဗီဒီယိုကို အမေရိကန်စစ်တပ် အလယ်ပိုင်း စစ်တိုင်းကွပ်ကဲရေးဌာနချုပ် CENTCOM က ဧပြီ ၁၉ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
အီရန်ကုန်တင်သင်္ဘောဟာ အီရန်နိုင်ငံ၊ ဘန်ဒါအာဘတ်စ်မြို့ဆီ ဦးတည်ရင်း မြောက်အာရေဗျပင်လယ်ကို ဖြတ်သွားချိန်မှာ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစင်းက ကြားဖြတ်ဟန့်တားခဲ့တာလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
သင်္ဘောသားတွေက ၆ နာရီကြာ အကြိမ်ကြိမ်သတိပေးချက်တွေကို မလိုက်နာခဲ့ဘူးလို့ CENTCOM က ကြေညာခဲ့ပြီး တူစ်ကာသင်္ဘောရဲ့ အင်ဂျင်ခန်းထဲကို ဖျက်သင်္ဘော USS Spruance ရဲ့ MK 45 အမြောက်နဲ့ ကျည်ဆန်တွေ အများကြီး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ရေတပ်သားတွေက တူစ်ကာသင်္ဘော အပေါ်တက်ခဲ့ပြီး အမေရိကန်ရဲ့ ထိန်းသိမ်းမှုအောက်မှာ အီရန် ကုန်တင်သင်္ဘောက ရှိနေတုန်းပဲလို့ CENTCOM က ပြောပါတယ်။
Source: Reuters











