
အမေရိကန်အလယ်ပိုင်းတိုင်း ကွပ်ကဲရေးဌာနက အီရန်အပေါ် နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်း ဇူလိုင် ၇ ရက်က အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ၊ ကမ်းရိုးတန်းရေဒါနေရာတွေနဲ့ သင်္ဘောဖျက် ဒုံးကျည်စွမ်းရည်တွေ အပါအဝင် ပစ်မှတ် ၈၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
ဇူလိုင် ၈ရက် ဒေသစံတော်ချိန်အစောပိုင်းမှာ အီရန်ရဲ့ အဓိက ရေနံဗဟိုချက် ခါ့ဂ်ကျွန်း၊ ကက်ရှမ်ကျွန်းနဲ့ တောင်ပိုင်းဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ဆီရစ်မြို့နဲ့ ဘန်ဒါအဘတ်စ်မြို့တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
အရပ်သားသေဆုံးမှုကို သတင်းမပို့ပေမဲ့ ဆီရစ်မြို့က ကုန်သွယ်ရေးဆိပ်ခံတံတားကို ထိမှန်ခဲ့တဲ့ “ရန်သူ့ဒုံးကျည်”က ဗုံးစတွေကြောင့် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းထောက်တယောက်က ပြောပါတယ်။
အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေက အပြင်းအထန် တုံ့ပြန်သွားမယ်လို့ အီရန်ရဲ့ ထိပ်တန်း ပူးတွဲစစ်ဌာနချုပ် ခါတမ်အယ်လ်- အန်ဘီယာ ဗဟိုဌာနချုပ်က ဇူလိုင် ၈ ရက်မှာပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားစီမံခန့်ခွဲမှုမှာ အမေရိကန်က ဝင်ရောက်စွက်ဖက်တာကို အီရန်အစိုးရက ခွင့်မပြုဘူးလို့လည်း သတိပေးခဲ့ပါတယ်။










