ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီလောက်က အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်သွားတာကြောင့် ဟိုတယ်−အောင်ပန်း ပြိုကျပျက်စီးသွားတဲ့အပြင် လူ ၂ ဦးသေဆုံးပြီး ဟိုတယ်ဝန်ထမ်းတွေအပါအဝင် လာရောက်တည်းခိုတဲ့သူတွေ ပိတ်မိနေဆဲဖြစ်တယ်လို့ ကနဦး သိရ ပါတယ်။
ဟိုတယ်တခုလုံး ပြိုကျသွားတာကြောင့် သေဆုံးသူ ၂ယောက်လောက်ရှိနေတယ်လို့ ကနဦးသိရှိရပြီး ဟိုတယ်ဝန်ထမ်း ၇ ယောက်အပါအဝင် ပိတ်မိနေတဲ့သူ ၂၀ ဝန်းကျင်ခန့်ရှိတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာတော့ ကူညီကယ်ဆယ်ပေးရေးအဖွဲ့တွေက ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးနေကြပြီး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ပိတ်မိနေသူတွေအများအပြားရှိနိုင်တယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်နေသူတယောက်က “လောလောဆယ်တော့ ကယ်ဆယ်ရေးတွေလုပ်နေပါတယ်၊ အထဲမှာ ပိတ်မိနေကြတာကို အဆောက်အဦက ၈ ထပ်လောက်ရှိတယ် အကုန်လုံးပြိုကျသွားတာပါ။ အထဲမှာ ဧည့်သည် ဘယ်နှယောက် ကျန်တာလဲတော့ တိတိကျကျမသိရသေးပါဘူး၊ ပျက်စီးမှုတော်တော်များပါတယ်။ အထဲမှာ ကယ်ဆယ်ရေးတွေတော့ လုပ်နေသေးတယ်၊ ၁၅ ယောက်၊ အယောက် ၂၀ လောက်တော့ရှိမယ် ထင်ပါတယ်၊ တိတိကျကျတော့ဘာမှမသိရသေးပါဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ကြောင့် အောင်ပန်းမြို့က သားမိုင်းခမ်း ရွှေချမ်းသာဘုရားရဲ့ အုတ်တိုင်ပြိုကျ သွားခဲ့ပြီး နေအိမ်အအောက်အဦအချို့လည်း ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။
မတ် ၂၈ ရက် ဒီနေ့မွန်းလွဲပိုင်းက အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်တခု မြန်မာပြည်တွင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတယ်လို့ အမေရိကဘူမိဗေဒလေ့လာရေး ဌာနက ထုတ်ပြန်ထားပါတယ်။
ကေခိုင်