DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဟိုတယ်ငှားပြီး လောင်းကစား၊ မူးယစ်ဆေး ဒုစရိုက်လုပ်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး
DVB
·
July 28, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ထဲမှာ တရုတ်ဖောက်သည်တွေကို လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာ ဝန်ဆောင်မှုတွေပေးနေတဲ့ ဟိုတယ်တလုံးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက် စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသားတွေနဲ့ မြန်မာအလုပ်သမား ၃ ယောက် အပါအဝင် ၄၀ ထက်မနည်းကို ဖမ်းဆီးခံခဲ့ရတယ်လို့ Khaosod  သတင်းမှာ ဇူလိုင် ၂၆ ရက်က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးရဲ့ ရှာဖွေဝရမ်းနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး နွန်ထဘူရီခရိုင်၊ ဘန်ခန့်ရပ်ကွက်၊ ငမ်ဝုန်းဝမ်လမ်းပေါ်မှာရှိတဲ့ ဟိုတယ်ကို ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ထက်မနည်း ဝင်ရောက်စီးနင်းခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ဟိုတယ်မှာ တည်းခိုနေသူ  ၄၀ ထက်မနည်းကို တွေ့ရှိခဲ့ရပြီး အများစုဟာ တရုတ်၊ ရှမ်းနဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တာဝန်ရှိသူတွေဟာ ကီတာမင်းနဲ့ Happy Water အပါအဝင် မူးယစ်ဆေးဝါးတွေ၊ ထုပ်ပိုးတဲ့ ကိရိယာတွေ၊ လောင်းကစား ချစ်ပ်ပြားတွေ၊ ဖဲချပ်တွေ၊ အန်စာတုံးတွေ၊ ဗိုင်ရာကာရာနဲ့ ဟိုင်းလို စားပွဲတွေအပြင် ငွေသား၊ ဘဏ်အကောင့် မှတ်တမ်းတွေ၊ ATM ကတ်တွေ၊ ဖုန်းတွေနဲ့ CCTV အချက်အလက်တွေ အပါအဝင် ပစ္စည်းပေါင်း ၂၀၀ ထက်မနည်းကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီစီးနင်းမှုမှာတော့ အသက် ၃၃ နှစ်အရွယ် တရုတ်အမျိုးသားတယောက်ကို စိတ်ကို ပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါး ကီတာမင်းကို စီးပွားဖြစ် ရောင်းချဖို့နဲ့ အများပြည်သူဆီ ဖြန့်ဖြူးရာရောက်စေတဲ့ ပုံစံနဲ့ လက်ဝယ်ထားရှိမှု၊ ရောင်းချမှု သံသယနဲ့ ဖမ်းဆီးခဲ့သလို အသက် ၂၄ နှစ်နဲ့ ၃၁ နှစ်ကြားရှိ မြန်မာနိုင်ငံသား ၃ ယောက်ကိုလည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေဟာ အများပြည်သူ ဝင်ထွက်ခွင့်မရှိတဲ့ အဲဒီဟိုတယ်ကို အချိန်မရွေး ဝင်ထွက်နေကြတယ်ဆိုတဲ့ ပြစ်မှုနှိမ်နင်းရေးတပ်ဖွဲ့ဆီ တိုင်ကြားချက်တွေကြောင့် သွားရောက်ဆောင်ရွက်ခဲ့တာ ဖြစ်ကာ ဒေသခံတွေကလည်း တရားမဝင် လောင်းကစားတာတွေ၊ မူးယစ်ဆေးဝါးပါတီတွေနဲ့ ပုံမှန် စုဝေးနေကြတယ်လို့ သတင်းပေးခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ အဆိုပါ ဟိုတယ်မှာ ပုံမှန်မဟုတ်တဲ့ တင်းကျပ်တဲ့ လုံခြုံရေးတွေ ထားရှိထားတာ ကိုတွေ့ရသလို ကားပါကင်က လုံခြုံရေးတွေဟာ ဖောက်သည်တွေ ရောက်လာရင် စကားပြောစက်ကနေ ဝန်ထမ်းတွေဆီ အကြောင်းကြားပြီး ကီးကတ်နဲ့ပဲ သွားလို့ရတဲ့ ဓာတ်လှေကားဆီ လိုက်ပို့ပေးကြတယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် ဖောက်သည်တွေဟာ သော့ရှိသူတဦးက တံခါးဖွင့်ပေးမဲ့ ၇ ထပ်နဲ့ ၈ ထပ်တွေကို လှေကားအတိုင်း တက်သွားကြရတာဖြစ်ပြီး သန့်ရှင်းရေးဝန်ထမ်းတွေကိုတောင် အဲဒီဧရိယာထဲ ဝင်ခွင့်မပေးဘူးလို့ ဆိုပါတယ်။

တရုတ် ရာဇဝတ်အုပ်စုဟာ တရုတ်ဖောက်သည်တွေကိုပဲ သီးသန့်ဝန်ဆောင်မှုပေးဖို့ အဆိုပါ ဟိုတယ်တခုလုံးကို ငှားထားတာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါ တယ်။ 

၂ ထပ်ကနေ ၆ ထပ်အထိကို တည်းခိုဖို့ သုံးပြီး ၇ ထပ်နဲ့ ၈ ထပ်တွေကိုတော့ လောင်းကစားရုံနဲ့ မူးယစ်ဆေးဝါး ပါတီလုပ်တဲ့ နေရာတွေအဖြစ် ပြောင်းထားတာ လို့ သိရပါတယ်။

ဒီလုပ်ငန်းမှာ လေဆိပ်ကား ကြိုပို့စနစ်အပြင် တည်းခိုရေး၊ လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာ အပါအဝင် ဝန်ဆောင်မှုမျိုးစုံ ပါဝင်တယ်လို့ သိရပြီး ဝန်ထမ်းအများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြတာကြောင့် ပြင်ပလူတွေ လုံးဝ မဝင်နိုင်အောင် တင်းကျပ်စွာ ထိန်းချုပ်ထားနိုင်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း အဲဒီဟိုတယ်ကို လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ ဝင်ရောက်စီးနင်းခဲ့ဖူးပြီး တရုတ်လောင်းကစားသမား ၂၆ ယောက်နဲ့ ထိုင်းနိုင်ငံသား ၂၃ ယောက်တို့ကို ဖမ်းဆီးကာ လောင်းကစားစားပွဲတွေ၊ စလော့စက်တွေကို သိမ်းဆည်းခဲ့ဖူးကြောင်း တွေ့ရှိခဲ့ရသလို အဲဒီနောက် ဟိုတယ်ကို ပြင်ဆင်ဖို့ ခေတ္တပိတ်ခဲ့ပြီး ပိုမိုတင်းကျပ်တဲ့ လုံခြုံရေးနဲ့ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးမေးမြန်းချိန်မှာ တရုတ်သံသယရှိသူက သူဟာ ညွှန်ကြားချက်အတိုင်း ဖောက်သည်တွေဆီ မူးယစ်ဆေးဝါး ပို့ပေးရတဲ့ ဟိုတယ်ကြီးကြပ်ရေးမှူးသက်သက်ပဲ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ 

မူးယစ်ဆေးတွေကို ဟိုတယ်အခန်းတွေမှာ သိုလှောင်ထားပြီး အော်ဒါမှာရင် သတ်မှတ်နေရာတွေကို ပို့ပေးတာ သို့မဟုတ် ဖောက်သည်တွေက လာယူကြတာလို့ ဆိုပါတယ်။

သူက မူးယစ်ဆေးဝါးတွေနဲ့ မီးခံသေတ္တာထဲမှာ တွေ့ရတဲ့ ဘတ် ၁၁၀,၀၀၀ စာ ငွေတွေကို သူ့ပစ္စည်းမ ဟုတ်ကြောင်း ငြင်းဆန်ခဲ့ကြပြီး မြန်မာနိုင်ငံသား ၃ ယောက်ကတော့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဖို့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တာလို့ ဝန်ခံခဲ့ကြပါတယ်။

စီးနင်းပြီးနောက် ရဲတပ်ဖွဲ့ဟာ သံသယရှိသူတွေနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ ရတ်တနသီဘက် ရဲစခန်းဆီ လွှဲပြောင်းပေးခဲ့ပြီး တာဝန်ရှိသူတွေဟာ အဆိုပါ တရုတ်ရာဇဝတ်ကွန်ရက်မှာ တခြား ပါဝင်ပတ်သက်နေသူတွေကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013