DVB Logo
Home
မြန်မာသတင်း
ကံမ ကျေးရွာအုပ်ချုပ်မှူးများကို အလုပ်မှမထွက်အောင် လောင်းကစားဝိုင်းများ တရား၀င်လုပ်ခွင့်ပြု
DVB
·
March 28, 2025
ကံမ ကျေးရွာအုပ်ချုပ်မှူးများကို အလုပ်မှမထွက်အောင် လောင်းကစားဝိုင်းများ တရား၀င်လုပ်ခွင့်ပြု
Donate to DVB

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေကို အုပ်ချုပ်ရေးမှူးတာ၀န်မှ မထွက်ဖို့အတွက် ရွာတွေမှာ လောင်းကစား၀ိုင်းတွေလုပ်ဖို့ ခွင့်ပြုထားပြီး အဲ့ဒီအတွက် လိုင်းကြေးအနေနဲ့ စကစ လက်အောက်ခံ ပြည်ထဲရေးဌာန နဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီက လိုင်းကြေး သိန်းချီပြီး ကောက်ခံနေတယ်လို့ ကံမမြို့နေသူတွေဆီက သိရပါတယ်။

ဆုံကုန်းကျေးရွာနေသူတယောက်က “အဲ့ဒီ စီမံအုပ်ချုပ်ရေး ၅ ဦးကော်မတီက AD ဦးအုန်းဌေး နဲ့ အဖွဲ့က ရွာဘက်တွေမှာ ၄ ကောင်၊ ၆ ကောင်၀ိုင်းတွေကို အပတ်စဥ်အလိုက် လုပ်ခွင့်ပေးထားတာ။ အဓိက က ကျေးရွာအုပ်ကြီးတွေက အဲ့ဒါတွေ ပေါ်ပေါတင်တင်လုပ်ပြီး စီမံအုပ်ချုပ်ရေး ၅ ဦးကော်မတီ နဲ့ ရဲကျေးအနေနဲ့ ၇ ရက်တပတ်ကို လိုင်းကြေး သိန်း ၈၀ ကနေ သိန်း ၁၀၀ ကျော်အထိ ပေးရတယ်။ အရပ်ထဲကတိုင်လည်း လာအဖမ်းတော့ပြပါတယ်။ အဲ့လိုလာဖမ်းရင် သတင်းက အရင်ပို့ထားပြီးမှ လာတာဆိုတော့ တခါမှမိတယ်လို့ မရှိပါဘူး။ လာဖမ်းတဲ့အဖွဲ့က စားသောက်ပြီး မူးပြီးပြန်သွားကြတာပါပဲ” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တယောက်က “ရဲတွေကတော့ အရင်လို သူတို့ကို ပုံမှန် လိုင်းကြေးမပေးတဲ့ ၂ လုံး၊ ၃ လုံးရောင်းတဲ့သူတွေ၊ ရပ်ကွက်ထဲ ဖဲရိုက်နေတဲ့သူ၊ အရုပ်ပုံကားချပ် အပျော်တမ်းဆော့တဲ့သူတွေကို နယ်ထိန်းတွေကို စုံစမ်းခိုင်းပြီး ဖမ်းတယ်၊ ပြီးရင် ငွေညှိနိုင်ရင် လွှတ်ပေးတယ်။ အဲ့လိုဖမ်းရင်းနဲ့ ဆိုင်ကယ်တွေ့ရင် ဆိုင်ကယ်သိမ်းတယ်၊ ကားတွေ ဖုန်းတွေပါ သိမ်းတယ်။ တချို့လိုင်စင်ရှိတဲ့ ကားတွေကတော့ မြို့နယ်မှူး၊ အမှုစစ်တွေနဲ့ ညှိရင် သိန်း ၈၀ ကျော်လောက်ပေးရင် အဆင်ပြေတယ်။ ဒါပေမဲ့ စာရင်း၀င်သွားရင်တော့ လိုင်စင်မဲ့ ကားတို့၊ ဆိုင်ကယ်တို့ နဲ့ အစားထိုး ပေးတာမျိုးတော့ လုပ်ပေးရင် တရားရုံးပြပြီး အမှုမပြီးခင်ကို ပြန်ပေးတယ်” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ မိသားစုဝင်တယောက်က “ကံမမြို့နယ် ဥပဒေအရာရှိက အမှုပုဒ်မ ပြောင်းဖို့ ငွေအတော်ပေးရတယ်။ စာအိတ်ထဲကို ပိုက်ဆံထည့်ပေးတာ တသိန်းပဲ ထည့်ပေးတာကို ချက်ခြင်းစာအိတ်ကို ဖောက်ပြီး ကြည့်တာ၊ အဲ့ဒီငွေ တသိန်းကို ရေကြည့်ပြီးတော့ ဒါ သူ့ကို စော်ကားတာ၊ ဒီထက်ပိုပေးမှ လက်ခံမယ်ဆိုပြီး ပြန်ပစ်ပေးပြီး မောင်းထုတ်တာ။ နောက်မှ သူတပည့် တယောက်ကနေ ၁၀ သိန်းပေးရမယ်ဆိုလို့ မတတ်နိုင်လို့ ထောင်ပဲ အကျခံလိုက်ရတာ” လို့ ပြောပါတယ်။

မြို့နယ် ရဲမှူးက ငွေအပေးအယူကိစ္စတွေကို သူ့ရုံခန်းမှာ လုပ်လေ့မရှိဘဲ ရေနံသာကျေးရွာက ရွှေ အရက်ဆိုင်မှာ ခေါ်တွေ့လေ့ရှိပြီး သူနဲ့ပါလာသူ အားလုံးကို အရက်တိုက်ဧည့်ခံခိုင်းကာ ပိုက်ဆံ သိန်း ၆၀ ကနေ ၈၀ လောက်အထိ တောင်းပြီး ပုဒ်မ နည်းအောင် လုပ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

ကံမမြို့နယ်ထဲက ရွာအားလုံးနီးပါးကို ၃ ရက်ကို တရွာနှုန်း နဲ့ အလှည့်ကျ လုပ်ရတာကြောင့် မြို့နယ်ထဲမှာ နေ့တိုင်း လောင်းကစား၀ိုင်းတွေ ရှိနေပြီး သရက်၊ မင်းတုန်းနဲ့ တခြားမြို့နယ်တွေကပါ လာပြီး ကစားလေ့ရှိကြကာ အဲ့ဒီကရတဲ့ လိုင်းကျေးကို စစ်မှုထမ်းကိစ္စအတွက် သုံးဖို့ဆိုပြီး အမည်တပ်ပြီး တရား၀င်ခွင့်ပြုထားကြောင်း ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013