
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးအဖွဲ့ဝင်တယောက်ဟာ မတ် ၂၅ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ တောင်သူဦးကြီးများ-PDF အဖွဲ့ကနေ သိရပါတယ်။
ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တာဝန်ကျနေတဲ့ ပျူစောထီးတယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံ အလင်းဝင်လာတာ ဖြစ်ပါတယ်။
တောင်သူဦးကြီးများ-PDF အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ အခုအလင်းဝင်လာတဲ့ ပျူစောထီးအဖွဲ့ဝင် နိုင်လင်းက ကာဘိုင်သေနတ်တလက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည် ၁၄၅ တောင့်တို့နဲ့ အလင်းဝင်လာတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာတဲ့ အဆိုပါ ပျူစောထီးတပ်ဖွဲ့ဝင်ဟာ အသက် ၃၀ ဝန်းကျင် နိုင်လင်း ဆိုသူဖြစ်ပြီး ရွှေဘိုမြို့နယ်ထဲက တည်သီးတောကျေးရွာဇာတိ ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်သူဦးကြီးများ-PDF တာဝန်ခံ ကိုခင်မောင်လင်းက “သူတို့ ပျူစောထီးခေါင်းဆောင်က မောင်ဆန်းတဲ့။ မောင်ဆန်းက စစ်တပ်ဘက်ကပေးတဲ့ ရိက္ခာနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို သူတယောက်တည်း လက်ဝါးကြီးအုပ်တယ်။ အောက်ကလူတွေကို မသေရုံလောက်ဘဲ ကျွေးတာလို့ သိရတယ်။ သူ့ရဲ့ စီမံတာတွေကို မကြိုက်တော့လို့ နိုင်လင်းက ကျနော်တို့အဖွဲ့ဆီကို ဆက်သွယ်လာတော့ သူရှိနေတဲ့ ဇီးဖြူကုန်းပျူရွာအထိကို သွားခေါ်ခဲ့ရတာဗျာ။ သူနဲ့အတူ လက်နက်ခဲယမ်းတွေပါလာလို့ ဆုကြေးငွေ ၁၀ သိန်း ချီးမြှင့်ပြီးတော့ လုံခြုံစိတ်ချရတဲ့နေရာမှာ ထားပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။
တော်လှန်ရေးစတင်တဲ့အချိန်ကစလို့ တောင်သူဦးကြီးများ-PDF ထံ အလင်းဝင်လာတဲ့ ပျူစောထီး ၄ ယောက်အထိ ရှိလာပြီလို့လည်း သူက ဆက်ပြောပါတယ်။
တောင်သူဦးကြီးများအဖွဲ့-PDF အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲမှာ အခြေစိုက်ထားတဲ့ တပ်ဖွဲ့တခု ဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။