DVB Logo
Home
မြန်မာသတင်း
CDM သူနာပြုဆရာမ ၁ ဦး လူ့အခွင့်အရေးချိုးဖောက်ခံရမှုကိစ္စ NUG ထံ တိုင်ကြား
DVB
·
March 28, 2025
CDM သူနာပြုဆရာမ ၁ ဦး လူ့အခွင့်အရေးချိုးဖောက်ခံရမှုကိစ္စ NUG ထံ တိုင်ကြား
Donate to DVB

CDM သူနာပြု အမျိုးသမီးရဲဘော်တယောက်ကို PDF တပ်ရင်းမှူးက လူ့အခွင့်အရေးချိုးဖောက်နှိပ်စက်တဲ့အပေါ် အရေးယူပေးဖို့ Shield အမျိုးသမီးအဖွဲ့က မတ် ၂၆ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဆီ ကိုယ်စား တိုင်ကြား တင်ပြလိုက်ပါတယ်။

မိုးမိတ်ပြည်သူ့ဆေးရုံကနေ CDM လုပ်လာတဲ့ သူနာပြုဆရာမ မယဉ်မွန်အောင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင် CDM ပြုလုပ်ခဲ့ပြီး စစ်ဒေသ ၁၊ အမှတ် ၅၁၅ တပ်ရင်းမှာ ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် ဒုတပ်ရင်းမှူး(လက်ရှိ တပ်ရင်းမှူး) ဒေါက်တာလုံးလုံးရဲ့ ညွှန်ကြားချက်အရ ကျောက်ဆည်ခရိုင် တပ်ရင်း ၃ ဆီကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး ၂၀၂၄ မေလလောက်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် နုတ်ထွက်စာတင်ခဲ့တယ်လို့ Shield ရဲ့ Team Leader ရဲဘော် ဒိုင်ယာဘောလစ်ဖ် က ပြောပါတယ်။

တပ်ရင်းမှူးဆီကို တပတ်ခြားတကြိမ်နှုန်နဲ့ နုတ်ထွက်စာ ၃ ကြိမ်တင်ခဲ့ပေမဲ့ အကြောင်းမပြန်တာကြောင့် ၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက်မှာ စစ်ရေးချုပ်ဆီကို တိုက်ရိုက်တင်ပြခဲ့ပြီး တပ်ရင်းက လာရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရင်းကလုပ်ထားတဲ့ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာဂရုပ်ကနေ ခွင့်ပြုချက်မရှိဘဲ ထွက်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဖမ်းဆီးတာလို့ ရဲဘော် ဒိုင်ယာဘောလစ်ဖ်က ပြောပါတယ်။

“၁၇ ရက် ၃ လ ၂၀၂၅ မှာ တပ်ရင်းမှူး ဦးစီးတဲ့အဖွဲ့က လာရောက်ပြီးတော့ ဖမ်းဆီးသွားတယ်။ အဲဒီနေ့ညနေမှာပဲ သူတို့ရဲ့ အခြေချတပ်စခန်းကိုရောက်ရှိတယ်လို့ ထွက်ဆိုထားပါတယ်ခင်ဗျ။ အသာတကြည်လိုက်ခဲ့ဖို့ခေါ်တာရှိတယ်။ မလိုက်ဘူးဆိုရင် ကြိုးတုပ်ပြီးတော့ ဖမ်းဆီးခေါ် ဆောင်သွားမယ်လို့ပြောတဲ့ အသံဖိုင်သက်သေတခုလည်းရှိပါတယ်ဗျ။”

ဆရာမ ယဉ်မွန်အောင်ကို တပ်ရေးဗိုလ် ဈာန်ရဲ က ဦးဆောင်ပြီး ၃ ချက် ရိုက်နှက်ခဲ့သလို အပြစ်ပေးတဲ့အနေနဲ့ သတိဆွဲ ‘ပြည်သူ့စစ်သား’ လို့ အော်ခိုင်းရာမှာ အပြစ်မရှိတာကြောင့် မအော်နိုင်ဘူး ပြောလို့ ၁ ချက်ထပ်အရိုက်ခဲခဲ့ရသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီနောက် သတိလစ်လဲကျတဲ့အထိ နာရီအများကြီး သတိဆွဲဒဏ်ပေးခံရပြီး ယောက်ျားလေး အကျဉ်းသားတွေနဲ့အတူ ၃ ရက်ကြာ ထိတ်တုံးခတ်ချုပ်နှောင်ခံခဲ့ရသလို ချုပ်ရက်ပြည့်သည့်နေ့မှာ ၃ ချက် ထပ်ရိုက်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မယဉ်မွန်အောင်ရဲ့ ဖုန်းနဲ့ မှတ်ပုံတင်ကို သိမ်းဆည်းခံထားရပြီး မိသားစုနဲ့ ဆက်သွယ်ခွင့် မပြုခဲ့ဘဲ တပ်ရင်းထဲမှာ အကျယ်ချုပ်ပုံစံနဲ့နေခဲ့ရပြီး တပ်ရင်းကနေ ထွက်လာရပြီးနောက် Shield အမျိုးသမီးအဖွဲ့ဆီကို ဒဏ်ရာရ ဓာတ်ပုံသက်သေခံချက်တွေနဲ့ အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ အခုအချိန်မှာပြောပြဖို့အဆင်မပြေသေးဘူးလို့လည်း  ရဲဘော် ဒိုင်ယာဘောလစ်ဖ် က ပြောပါတယ်။

ဒီဖြစ်စဉ်တွေအပေါ် Shield အဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဆီကို စာပေးပို့ပြီးနစ်နာသူရဲ့ လုံခြုံရေးနဲ့ တရားမျှတမှုအတွက် နစ်နာသူကို လုံခြုံတဲ့နေရာမှာ ယာယီခိုလှုံခွင့်နဲ့ လူမှုရေးအထောက်အပံ့တွေပေးဖို့၊  ဖြစ်စဉ်မှာပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူပေးဖို့၊ လိုအပ်ရင် ဆေးကုသမှုနဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပေးဖို့ တောင်းဆိုထားပါတယ်။

Shield အဖွဲ့ရဲ့စာကို လက်ခံရရှိပြီး စစ်ဆေးရေးအဖွဲ့ဆီကို လွှဲထားမယ်လို့ အကြောင်းပြန်ထားတယ်လို့လည်း ရဲဘော် ဒိုင်ယာဘောလစ်ဖ် က ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကျောက်ဆည်ခရိုင်တပ်ရင်း ၃ ရဲ့ တပ်ရင်းမှူး ဒေါက်တာ လုံးလုံးက “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ကျနော်တို့ မကြာခင်မှာတော့ ဖြေရှင်းစရာရှိတာတွေကို ဖြေရှင်းပေးပါ့မယ်ခင်ဗျာ” လို့ DVB ကို ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စ စကတည်းက စုံစမ်းစစ်ဆေးတာတွေလုပ်နေပြီလို့လည်းက သူက ပြောပြီး ဝန်ကြီးဌာနအောက်မှာရှိတဲ့တပ်ရင်းဖြစ်တာကြောင့် အသေးစိတ်ဖြေဖို့ခက်ခဲသလို မလိုလားအပ်ဘဲ ပြဿနာတွေပိုကြီးလာမှာကိုစိုးရိမ်တယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013