
မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃ ယောက် စုစုပေါင်း ၇ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ မတ် ၂၇ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ကော့သောင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ ဘားအံ အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက် တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဆိုပါ ပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေပါ ဆက်လက် ကျခံပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေးရှုသော အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း စစ်ခေါင်းဆောင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာလို့ စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ရေးထိုးထားတဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။










