
မလေးရှားမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံကို ပြန်မပို့ဘဲ ပြည်နှင်ဒဏ်ပေးတာ ယာယီဆိုင်းငံ့ပေးဖို့ ချင်းပြည်လွှတ်တော်က မလေးရှားပြည်ထဲရေး၀န်ကြီးထံ အိတ်ဖွင့်ပေးစာ ပို့ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။
ချင်းပြည်လွှတ်တော်ဥက္ကဋ္ဌ ဟုန်းနိုင်းက မလေးရှားပြည်ထဲရေး၀န်ကြီး ဆိုင်ဖူဒင် နာဆူရှင်းဘင် အစ္စမေးလ်ထံ ပေးပို့စာထဲမှာ မလေးရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဥပဒေတွေကို အပြည့်အ၀လေးစားပါကြောင်း လက်ရှိမှာ မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေ ဆိုးရွားနေမှုတွေကြောင့် ဖမ်းဆီးခံရသူတွေအသက်နဲ့ လွတ်လပ်ခွင့်ကို လူသားချင်းစာနာမှုအပေါ် အခြေခံပြီး ထည့်သွင်းစဉ်းစားပေးပါလို့ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂၉ ရက်က ဖမ်းဆီးခံရတဲ့ မြန်မာ ၁,၄၇၆ ယောက်ကို ပထမအသုတ်အဖြစ် မြန်မာကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ကျန်တဲ့သူတွေကို ထပ်ပို့ဖို့ မလေးရှားနိုင်ငံက ပြင်ဆင်နေတဲ့ သတင်းတွေကြောင်း အလွန်စိုးရိမ်ရကြောင်း ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တပ်က စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေရပ်ကွက်တွေပါ မရှောင် လေကြောင်းကရော၊ လက်နက်ကြီးတွေနဲ့ နေ့မအားညမနား ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ နေ့စဉ် သေဆုံးနေရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၈ ရက်က ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော် အိန္ဒိယဈေးတန်းအနီး လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ အရပ်သား ၅၀ လောက် သေဆုံးပြီး ၅၈ ယောက် ဒဏ်ရာရခဲ့တာကို ထည့်သွင်း ထောက်ပြထားပါတယ်။
မလေးရှားနိုင်ငံကို နည်းမျိုးစုံဖြင့် ရောက်လာကြတဲ့ အကြောင်းအရင်းတွေလည်း တဦးနဲ့ တဦး မတူညီကြပေမဲ့ အဓိကအနေဖြင့် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာနဲ့ မြို့တွေကို မီးရှို့မှုတွေ၊ အရပ်သားအစိုးရထံက စစ်တပ်အာဏာသိမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ဖမ်းဝရမ်းကို ရှောင်ချင်တာ၊ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးစွပ်စွဲ နှိပ်စက်ညှင်းပန်းခံရတဲ့ အန္တရာယ်မှ လွတ်မြောက်ဖို့နဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မကျင့်သုံးပြီး မဖြစ်မနေ စစ်မှုထမ်းဖို့ စုဆောင်းခံရမဲ့ အန္တရာယ်တွေကနေ ရှောင်ရှားလိုခြင်း စတဲ့ အကြောင်းတွေကြောင့် ရောက်ရှိလာကြသူတွေလို့ ဆိုပါတယ်။
ဘေးအန္တရာယ်ရှိတဲ့ နေရာဆီ ပြန်မပို့ရေးအခြေခံမူနဲ့အညီ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးတာ ဆိုင်းငံ့ပေးဖို့နဲ့ UNHCR မလေးရှားရုံးတို့နဲ့ ပူးပေါင်းပြီး ယာယီအကာအကွယ်ပေးရေး နည်းလမ်းတွေ ရှာဖွေဆောင်ရွက်ပေးပါဖို့ ချင်းပြည်လွှတ်တော်က တောင်းဆိုပါတယ်။











