
ဘိုလီးဗီးယားနိုင်ငံတဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးပြီး တသိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီးနောက် မတ် ၂၆ ရက်မှာ ဘိုလီးဗီးယားသမ္မတ လူးဝစ္စ်အာ့စ်ဟာ အမျိုးသား အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
မုန်တိုင်းဒဏ်ခံရတဲ့ မြို့ပေါင်း ၂၀၉ မြို့နဲ့ ဘေးဒဏ်သင့် မိသားစုပေါင်း ၃၇၈,၈၈၅ ရှိတယ်လို့ ပြောကြားပါတယ်။
ဘိုလီးဗီးယားနိုင်ငံရဲ့ ဒေသ ၉ ခုစလုံးမှာ မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ်ကို ကြုံတွေ့ခဲ့ရပြီး ဘဲနီခရိုင်ကို သဘာဝဘေးအန္တရာယ် အခြေအနေ ကြေညာထားကာ ချူကီဆာ့ကာ၊ လာပက်ဇ်နဲ့ ဆန်တာခရုဇ် ခရိုင် ၃ ခုတို့ကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ထားပါတယ်။
အရေးပေါ်အခြေအနေ ကြေညာလိုက်တာကြောင့် အစိုးရကို ထောက်ပံ့ရေးပစ္စည်းတွေ ဝယ်ယူဖို့နဲ့ အရင်းအမြစ်တွေကို ဖြန့်ကြက်ရာမှာ လွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။
အပြင်းအထန် ဒုက္ခရောက်နေတဲ့ ဒေသတွေဆီ အကူအညီ အထောက်အပံ့တွေကို ကူညီဖြန့်ဝေပေးဖို့ နိုင်ငံတဝန်းမှာ ထောင်နဲ့ချီတဲ့ စစ်သားတွေကို တပ်ဖြန့်ထားပါတယ်။
လူဦးရေ ၁၂ သန်းကျော်ရှိတဲ့ ဘိုလီးဗီးယားနိုင်ငံမှာ မိုးရာသီဟာ ပုံမှန်အားဖြင့် နိုဝင်ဘာလမှ မတ်လအထိ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှာ ထုတ်ပြန်လေ့ရှိတဲ့ မြစ်ရေလျှံမှုအတွက် လိမ္မော်ရောင်နဲ့ အနီရောင် သတိပေးချက် အများအပြားကို အခုနှစ် မတ်လက ထုတ်ပြန်ခဲ့ပြီး ဧပြီလအထိ သက်တမ်းထပ်တိုးခဲ့ကြောင်း ဘိုလီးဗီးယားနိုင်ငံ ဆီနမ်ဟီ မိုးလေဝသဌာနမှ လူစီယာဝါလ်ပါက ပြောကြားခဲ့ပါတယ်။
Source : Reuters