DVB Logo
Home
မြန်မာသတင်း
ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလရောက်နေဟု NUG ပြော၊ စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရန် CRPH တိုက်တွန်း    
DVB
·
March 27, 2025
ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလရောက်နေဟု NUG ပြော၊ စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရန် CRPH တိုက်တွန်း    
Donate to DVB

တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီး လူထုအခွန်ငွေနဲ့ ကာကွယ်ရေးအတွက် အသုံးပြုပြီး လူထုကို ရန်ပြုနေတဲ့ အာဏာသိမ်းစစ်တပ်အုပ်ချုပ်တဲ့ ကာလဟာ ခေတ်သစ်ဖက်ဆစ် တော်လှန်ရေးကာလ ဖြစ်တယ်လို့  ဒီကနေ့ မတ် ၂၇ ရက် တော်လှန်ရေးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။

မတ် ၂၇ ရက်ဟာ လက်နက်အားကိုးနဲ့ အနိုင်ကျင့် ကျူးကျော်တဲ့ နယ်ချဲ့ဖက်ဆစ်ဝါဒီတွေကို မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့အတူ စည်းလုံးစွာတိုက်ဖျက်ခဲ့တဲ့ နေ့ထူးနေ့မြတ်အခါ ဖြစ်တယ်လို့ နှစ် ၈၀ နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားသို့ ပေးပို့တဲ့ NUG အစိုးရရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ဒီကနေ့ အချိန်အခါမှာ အာဏာသိမ်းစစ်တပ်ဟာ လူထုအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့်အစား ပြည်သူကို ရန်ပြုခြိမ်းခြောက်ဖျက်ဆီးနေတဲ့ ဖက်ဆစ်စစ်တပ်အသွင်ကူး ပြောင်းလာတဲ့အတွက် တိုင်းရင်းသားပြည်သူတရပ်လုံးက တော်လှန်တိုက်ခိုက်နေတဲ့အတွက် ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဖြစ်တယ်လို့ NUG ကပြောပါတယ်။

NUG အစိုးရအနေနဲ့ ခေတ်သစ်ဖက်ဆစ်မိစ္ဆာ အကြမ်းဖက်စစ်အုပ်စုအား တိုက်ခိုက်နေကြတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးမှာ  တိုင်းရင်းသားပြည်သူတွေအားလုံးအကြား ဟန်ချက်ညီညီ လက်တွဲ ဆောင်ရွက်နေကြောင်းနဲ့ မကြာမီကာလမှာ ပြည်သူတွေအားလုံးအတွက် အောင်ပွဲ ဆွတ်ခူးနိုင်ပြီး အသစ်ပြန်လည်တည်ဆောက်မယ့် ဖက်ဒရယ်တပ်မတော်ကို ဖက်ဆစ်သန္ဓေဆိုး ကင်းစင်ကာ ပြည်သူကို အလေးထားကာကွယ်ပေးတဲ့ ပြည်သူ့တပ်မတော်တရပ်အဖြစ် ထူထောင်နိုင်ရန် မျှော်မှန်းဆန္ဒပြုတယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

အလားတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအနေနဲ့  ဖက်ဆစ် အာဏာရှင်တွေထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် ပပျောက်တဲ့အထိ တွန်းလှန်တိုက်ထုတ်ပြီး တော်လှန်ရေးအောင်ပွဲတွေ ဆင်နွှဲနိုင်ကြဖို့ ဒီနေ့ သဝဏ်လွှာ ထုတ်ပြန်လိုက်ပါတယ်။

ယနေ့အချိန်ဟာ အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့  အသက်၊ အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးနေရပြီး လူ့အခွင့် အရေးတွေလည်း ဆိုးရွားစွာ ချိုးဖောက်ခံနေရတယ်၊ တော်လှန်ရေးအင်အားစုတွေ အားလုံး အနေနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် လွတ်လပ် တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမှာ ပြည်သူလူထုရဲ့ ညီညွတ်မှုစွမ်းအားနဲ့ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ထုတ်နိုင်ခဲ့တဲ့ အတိတ်သမိုင်းသင်ခန်းစာတွေကို စံနမူနာယူပြီး ဇွဲမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့  CRPH က တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ ဒီကနေ့ နှစ် ၈၀ ပြည့် တပ်မတော်နေ့အတွက် စစ်ရေးပြ အခမ်းအနားတွေ လုပ်ဆောင်မှာဖြစ်သလို တပ်မတော်အငြိမ်းစားအရာရှိဟောင်းတွေကိုလည်း ဂါရဝပြုပွဲတွေ လုပ်ဆောင်နေပါတယ်။

စစ်တပ်အငြိမ်းစားအရာရှိဟောင်းတွေကလည်း စစ်ခေါင်းဆောင်ရဲ့လုပ်ရပ်တွေကို အားပေးဂုဏ်ယူကြောင်း ပြောဆိုထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013