
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ မတ် ၂၇ ရက်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှ သိရပါတယ်။
ဒီမနက် ၇ နာရီခွဲဝန်းကျင်လောက်မှာ ရမ်းဖိုရွာမှာ တပ်စွဲပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ထိတွေ့တိုက်ပွဲ ၁ နာရီဝန်းကျင်လောက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စကစတပ်တွေက သူတို့ယာဥ်တန်းမတက်ခင် လမ်းကင်းလာယူတဲ့ အဖွဲ့တွေပါ။ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ပြီး ၁ နာရီဝန်းကျင်လောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်တယ်။ စကစဘက်က ၁၀ ယောက်လောက် သေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ တောကြီးမြွေဟောက်တပ်ဖွဲ့၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် ၃ တို့မှ ပူးပေါင်းပြီး လှုပ်ရှားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မတ် ၂၂ ရက်ကတည်းက အင်အား ၈၀ ဝန်းကျင်နဲ့ ရမ်းဖိုရွာမှာ တပ်စွဲထားတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။