Home
မြန်မာသတင်း
မြင်းခြံပြည်သူ့စစ် အမျိုးသမီးများက အရပ်ဝတ်ဖြင့် တော်လှန်ရေးအဖွဲ့များသတင်း စုံစမ်းနေ
DVB
·
March 27, 2025

မြင်းခြံက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အမျိုးသမီးတွေဟာ ပြည်သူလူထု တွေကြားမှာ အရပ်ဝတ်နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းတွေကို စုံစမ်းနေတယ်လို့ ဒေသခံတွက ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီး တချို့ကို စည်းရုံးကာ အခြေခံစစ်သင်တန်းပေးပြီး ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတပ်ဖွဲ့ဝင်တွေဟာ ဈေးသည်၊ ခရီးသည်၊ အလုပ်သမား၊ ပွဲစား စတဲ့အသွင်မျိုးစုံယူကာ လူစည်ကားရာ နေရာတွေဖြစ်တဲ့ ရထားဘူတာ၊ ကားဂိတ်၊ လှေဆိပ်၊ တိုးဂိတ်နဲ့ ဈေးတွေမှာ သတင်းစုံစမ်းထောက်လှမ်းတာ တွေပြုလုပ်နေတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါ တယ်။

စစ်ကောင်စီတပ်က  စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်း သောင်းနဲ့ချီတဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေကို နည်းလမ်းမျိုးစုံနဲ့ အဓမ္မလူသစ်စုဆောင်းကာ စစ်မြေပြင်ကို ပို့ဆောင်ခဲ့တာပါ။ 

ဒါ့အပြင် အမျိုးသမီးတွေကိုလည်း အဓမ္မစုဆောင်းကာ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းခိုင်းပြီး လူထုကြား သတင်းထောက်လှမ်းခိုင်းနေတာဟာ အမျိုးသမီးတွေရဲ့ အခွင့်ရေးကို ချိုးဖောက်နေတာလို့ နိုင်ငံဝန်ထမ်းကနေ CDM လုပ်ပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့ဟာလည်း မြင်းခြံနဲ့ တောင်သာမှာရှိတဲ့ အမျိုးသမီးတွေကို စုစည်းပြီး စစ်အခြေခံသင်တန်းပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အရင်ကတော့ မြင်းခြံမြို့မှာရှိတဲ့ အမျိုးသားတွေကို စစ်သင်တန်းပေးခဲ့ပေမဲ့ ဒီနှစ်မှာ  မြင်းခြံနဲ့ တောင်သာက အမျိုးသား၊ အမျိုးသမီးတွေကို စုစည်းပြီး မတ်လအစောပိုင်းကစလို့ စစ်သင်တန်းပေးနေတာလို့ မြို့ခံတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024