DVB Logo
Home
မြန်မာသတင်း
ရခိုင်ရှေ့တန်းတွင် ပြည်သူ့စစ်မှုထမ်းတပ်သားများ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ရှိနေ
DVB
·
October 20, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ ရင်ဆိုင်တိုက်ခိုက်နေကြရတဲ့ ပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်တပ်လက်အောက်ခံ အမြဲတမ်းတပ်ဖွဲ့ဝင်တွေရဲ့ ဗိုလ်ကျ အနိုင်ကျင့်တာ၊ ရှေ့တန်းမှာ အသေခံတိုက်ခိုင်းတာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ပစ်သတ် သေဆုံးတာတွေ ရှိတယ်လို့ ကျောက်ဖြူစစ်မျက်နှာမှာ AA ဆီကို အလင်းဝင်လာတဲ့ ပြည်သူ့စစ်တပ်သား စိုးမင်းသိန်းက ထွက်ဆိုပါတယ်။

စစ်အာဏာရှင်တပ်ဟာ ရခိုင်ရှေ့တန်းစစ်မျက်နှာတွေဟာ ပြည်သူ့စစ်မှုထမ်းအဖြစ် ဖမ်းဆီး စုဆောင်းခံထားရတဲ့ ပစတွေကိုပဲ အလုပ်ကြမ်းတွေ ခိုင်းစေတာ၊ ကင်းစောင့်ခိုင်းတာ၊ ကတုတ်ကျင်းတွေ တူးခိုင်းတာတွေနဲ့ ရှေ့တန်းမှာ အသေခံတိုက်ခိုက်ဖို့ အဓမ္မခိုင်းစေတယ်လို့ စစ်အာဏာရှင်တပ်က ပြည်သူ့စစ်မှုထမ်း တပ်သား  စိုးမင်းသိန်းက ပြောပါတယ်။

“ကျောက်ဖြူ ရောက်ပြီး တညပဲ အိပ်ခဲ့ရတယ်။ ကျနော်တို့ သူငယ်ချင်းတွေပဲ ပစ ၁၈ ယောက်ကို စနဲကုန်းပေါ်ကို ပို့ခဲ့ပါတယ်။ စနဲကုန်းပေါ်ရောက်တော့ ကျနော်တို့ကို ၃ ယောက်တစု၊ ၂ ယောက်တစု လူစုခွဲပြီး ထားတယ်။ အဲဒီမှာ ကျနော်တို့ အလုပ်တွေ လုပ်ရတယ်။ တွင်းတွေ တူးရတယ်၊ ကုန်တွေ ထမ်းရတယ်၊ ကျနော်တို့ မလုပ်နိုင်ဘူးပြောရင် ရိုက်တယ်။ ဆဲဆိုကြိမ်းမောင်းပါတယ်။ အတော်လေးကိုလည်း ဒုက္ခတွေရောက်ကြတယ်။ နေ့တိုင်းလိုလို ဆဲဆိုကြိမ်းမောင်းတယ်။ ကင်းဆိုလည်း ၆ နာရီ စောင့်ရတယ်။ သူတို့ လူဟောင်းတွေက မစောင့်ရဘူး။ ကျနော်တို့ ပစတွေပဲ စောင့်ရတယ်။ ကျနော်တို့ ပစတွေပဲ လုပ်ရတယ်။ တော်တော်လေးကို ဒုက္ခရောက်ခဲ့ပါတယ်။ အရှေ့မှာလည်း ကျနော်တို့ ပစတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် လည်ပင်းကို ပစ်သတ်လိုက်တဲ့ လူတွေလည်း ရှိပါတယ်။ ခြေထောက်တွေကို ပစ်လိုက်တဲ့ လူတွေလည်း တွေ့တယ်။ ရှေ့တန်းတိုက်ပွဲ ဖြစ်ပြီးတော့ ဒဏ်ရာရလာတဲ့ လူတွေ ၄၊ ၅၊ ၆ ယောက် ထမ်းလာတာကို နေ့တိုင်းနီးပါး တွေ့ရတယ်။ ကျနော်တို့လည်း စိတ်ဓာတ်တွေကျပြီး သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး ကုန်းပေါ်က ဆင်းပြေးလာချိန်မှာ စစ်တပ်ကတွေ့ပြီးတော့ သေနတ်နဲ့ လှမ်းပစ်တယ်။”

စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်တွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ ပြည်သူ့စစ်တွေကို အသေခံတိုက်ခိုင်းပြီး သူတို့ရဲ့ အမြဲတမ်းစစ်သားတွေက နောက်ချန်အနေနဲ့ပဲ တိုက်နေကြလို့ ကျောက်ဖြူနဲ့ စစ်တွေ စစ်မျက်နှာမှာ အလင်းဝင်လာတဲ့သူတွေနဲ့ ပြည်သူ့စစ်အဖြစ် ဖမ်းဆီးခံထားရတဲ့သူတွေက ထွက်ဆိုထားကြပါတယ်။

လက်ရှိ ပေါက်တောမြို့နယ်က ကမ်းတက်တိုက်ပွဲမှာ စစ်အာဏာရှင်တပ်က ပြည်သူ့စစ်တွေကို အသေခံကမ်းတက်ခိုင်းနေတာဖြစ်ပြီး ကမ်းတက်ဖို့ ငြင်းဆန်ရင် အမိန့်ဖီဆန်မှုနဲ့ သေဒဏ်ပေးပြီး ကမ်းတက်ခိုင်းနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်စစ်မျက်နှာတွေမှာ အသေခံ တိုက်ခိုင်းထားတဲ့ ပြည်သူ့စစ်တွေအနေနဲ့လည်း ကိုယ့်အသက် မသေချင်ရင်၊ မိသားစုတွေနဲ့ ပြန်တွေ့ချင်ရင် အလင်းဝင်ကြဖို့ကိုလည်း ပြည်သူ့စစ်တပ်သား စိုးမင်းသိန်းက ပြောပါတယ်။

“ပစ ညီကိုတွေကိုတော့ ပြောချင်ပါတယ်။ အလင်းမြန်မြန်ဝင်ကြပါ။ ဒီမှာ အေးအေးဆေးဆေး ညီအကိုလို ဆက်ဆံပါတယ်။ ကိုယ့်အသက်ကို မသေချင်ရင်၊ မိသားစုနဲ့ တွေ့ချင်တယ် ဆိုရင်တော့ အလင်းဝင်ကြပါလို့ တိုက်တွန်းပါတယ်။”

လက်ရှိမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ဟာ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်းပြည်နယ် တောင်ပိုင်းတို့ကနေပြီးလည်း ပြည်သူ့စစ်တွေနဲ့ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ရရှိဖို့ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013