
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်ကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅ ယောက်အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အခင်းဖြစ်တဲ့ နေရာမှာတင် စစ်ဘေးရှောင် မိသားစု ၃ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် လူငယ် ၂ ယောက်မှာ ဆေးကုသမှုခံယူနေကြစဉ် မတ် ၂၆ ရက်မှာ သေဆုံးသွားခဲ့ကြတာလို့ အောင်ဖြူပြင်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေသူ အမျိုးသားတယောက်က ပြောပါတယ်။
“သေဆုံးသူက ၅ ဦး ရှိလာပြီဗျာ။ အခင်းဖြစ်တဲ့နေရာမှာ သားအဖ ၃ ဦး သေဆုံးခဲ့သလို နောက်ထပ် ဆေးကုသမှုခံယူနေရတဲ့ ၁၄ ဦးထဲက ယောကျ်ားလေးတဦးနဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး မနေ့က ထပ်ဆုံးသွားတယ်။ တခြား စိုးရိမ်ရတဲ့ လူနာတချို့လည်း ရှိသေးတယ်။ လောလောဆယ်တော့ ဒဏ်ရာပြင်းထန်တဲ့သူတွေကို ဆေးကုသမှု ခံယူနေကြပြီးတော့ မပြင်းထန်တဲ့သူတွေကိုတော့ အိမ်ပြန်ခွင့် ပြုလိုက်ပြီ။”
စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် နောက်ထပ်သေဆုံးသွားသူ ၂ ယောက်မှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်က စစ်ဘေးတိမ်းရှောင်နေသူဖြစ်တဲ့ ကိုရဲလင်းစိုး (၂၅ နှစ်) နဲ့ မအေးမြတ်ဝေ (၁၅ နှစ်) တို့ ဖြစ်ကြပြီး ဦးသန်းမောင်၊ ဒေါ်မေရီနဲ့ သားဖြစ်သူ ကိုမောင်သက်နိုင်တို့ဟာ အခင်းဖြစ်တဲ့ နေရာမှာတင် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
အောင်ဖြူပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူအားလုံးနဲ့ ထိခိုက်ဒဏ်ရာ ရရှိသွားသူ အားလုံးဟာ စစ်ဘေးရှောင်တွေဖြစ်ကြပြီး သူတို့ဟာ ပုဏ္ဏားကျွန်းမြို့ကနေ အောင်ဖြူပြင်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေကြသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
အောင်ဖြူပြင်ကျေးရွာဟာ စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်မှာ တည်ရှိတာဖြစ်ပြီး စစ်ရှောင်တွေနဲ့ လူစည်ကားတဲ့ ကျေးရွာတခုဖြစ်သလို စစ်ကောင်စီက မတ် ၂၅ ရက် ညနေပိုင်းမှာ ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဈေးတွေပိတ်ထားရဆဲဖြစ်သလို ကျေးရွာသားတချို့နဲ့ စစ်ဘေးရှောင်တွေဟာလည်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိဘဲ ရွှေ့ပြောင်းနေမှုတွေ ရှိကြတယ်လို့ နောက်ထပ်စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှု တခါမှ မကြုံဖူးတော့ လူတွေက အရမ်းလန့်သွားကြတယ်။ အခု လူတွေလည်း အစုလိုက်သေဆုံးခဲ့သလို ဒဏ်ရာရရှိသွားသူတွေလည်း များတော့ ကျေးရွာသားတချို့နဲ့ စစ်ဘေးရှောင်တချို့ကတော့ တိမ်းရှောင်နေမှုတွေ ရှိကြတယ်။ ဈေးတွေလည်း ပိတ်ထားရတုန်းပဲ။”
အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ အောင်ဖြူပြင်ကျေးရွာဟာ စစ်ဘေးရှောင်တွေ အများဆုံး ခိုလှုံနေကြတဲ့ ကျေးရွာဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ ၅,၀၀၀ နဲ့အထက်မှာ ရှိတယ်လို့ သိရပါတယ်။
မတ် ၂၂ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာအနီး ပတ်ဝန်းကျင်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။