
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာမှာရှိတဲ့ မဟာစည်ဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က ဗုံးကြဲတာကြောင့် ဥပုသ်သီလယူနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ စစ်ရှောင်ပြည်သူ ၂ ယောက် သေဆုံးပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖက ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်က အောက်တိုဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ မဟာစည် ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ သမိုင်းဝင် မဟာစည်ကျောင်းကို တံတားဦးတက် ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် ဥပုသ်သီလယူနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ စစ်ရှောင်တွေ ထိခိုက်ခဲ့တာဖြစ်ပြီး ဓမ္မာရုံတွေ၊ ရိပ်သာဆောင်တွေ၊ ဇရပ်စောင်းတန်းတွေနဲ့ အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ပကဖ က အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားတာပါ။
စစ်အာဏာရှင်တပ်ဟာ အရပ်သားပြည်သူ၊ ဘုရားကျောင်းကန်၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို အချိန်မရွေး ပြုလုပ်နေတာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကို သတိထားကြဖို့ကိုလည်း ပကဖ က သတိပေးထားပါတယ်။
လေယာဉ်နဲ့ လက်နက်ကြီးသံ ကြားရရင်လည်း လုံခြုံစိတ်ချရတဲ့နေရာတွေကို အမြန်ရွှေ့ပြောင်းကြဖို့နဲ့ မလိုအပ်ဘဲ လူစုလူဝေးပြုလုပ်တာတွေကို ရှောင်ရှားကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။











