DVB Logo
Home
မြန်မာသတင်း
နတ်ရေကန်စခန်းအနီးက ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲ
DVB
·
March 26, 2025
နတ်ရေကန်စခန်းအနီးက ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲ
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်အကြား ရိုးလမ်းပေါ်မှာတည်ရှိတဲ့ နတ်ရေကန်စခန်းအနားက လိုင်ရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးမှုရှိခဲ့ပြီး၊ အနီးဝန်းကျင်က ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်ရေကန်စခန်းအနီးဝန်းကျင်နဲ့ ဆုံကုန်းအမြောက်တပ်ကြားမှာရှိတဲ့ ရိုးလမ်းပေါ်က ကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) နဲ့ PDF တွေ မခိုအောင်းစေရေး လေကြောင်းကနေ               ရှင်းလင်းရေးလုပ်မယ်လို့  ကျေးရွာအုပ်ချုပ်ရေးက ပြောတဲ့အကြောင်း သတင်းထွက်လာပြီး မကြာခင်မှာပဲ လေတပ်က အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဒေသခံ စစ်ရှောင် အမျိုးသမီးတယောက်က “မနေ့၊ တနေ့က အဲဒီမှာ ဆက်တိုက်ပဲ။ အဲဒီမှာ လိုင်ရွာ၊ နတ်ရေကန်ဘက်ကပဲ လမ်းဟောင်းဘက်ကရွာကို ဗုံးကြဲတာလေ။ တခြားရွာမှာ စစ်လာရှောင်တဲ့တယောက် သေတယ်လို့ ကြားတယ်။ အိမ်တအိမ်ကို ထိတယ်လို့ ပြောတယ်။ အဲဒီအိမ်မှာ ဒဏ်ရာရတဲ့သူတွေက များတယ်တဲ့။ တချို့က လက်ပြတ်တာတို့ ဘာတို့ အဲဒီလို ဖြစ်တယ်” လို့ ပြောပါတယ်။

လိုင်ရွာဟာ နတ်ရေကန်စခန်းကနေဆို ၂ မိုင်ကျော်သာဝေးတာဖြစ်ပြီး မတ် ၂၄ နဲ့ ၂၅ ရက် ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရကာ ပဘဲရွာကနေ စစ်ရှောင်လာတဲ့ အသက် ၄၀ အရွယ် ဦးရွှေသိန်း သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ လိုင်ကျေးရွာက CDF ယာယီဆေးပေးခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးဝန်ထမ်းအပါ ၄ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရကြောင်း ရေးသားကြပါတယ်။

CDF Asho ပြောခွင့်ရသူ ဆလိုင်းရိုးချင်းကတော့ သူ့အနေနဲ့ အသေးစိတ် မသိရပေမဲ့ ဗုံးကြဲတာတော့ သေချာတယ်လို့ DVB ကို ပြောပါတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် နတ်ရေကန်နဲ့ ပျဉ်းဝဂိတ်အကြားက ရွာခံအတော်များများ တိမ်းရှောင်နေကြရပါတယ်။

ငဖဲဒေသခံအမျိုးသမီးတယောက်က “တပတ်လောက် ရှိပြီပေါ့။ သူတို့ ဆင်းလာကြတာပေါ့။ အဲဒီလိုတော့ ရှိပါတယ်။ တောင်ပေါ်သူတောင်ပေါ်သားဆိုတော့ သိတဲ့အတိုင်းပဲလေ။ စိုက်ခင်းပဲ ရှိတာကို ငွေရေးကြေးရေးမရှိဘူးပေါ့။ အဲဒီတော့ ဆင်းတဲ့သူက ဆင်းကြပါတယ်။ ဆင်းတယ် ဆိုတာက အခုနလို ဒီသတင်းကြောင့် ဆင်းတာတော့ တချို့တဝက်ပဲ ရှိပါတယ်။ ကျန်တာကတော့ ကိုယ့်အသိနဲ့ကိုယ် ဆင်းကြတာတွေပေါ့”လို့ ပြောပါတယ်။

နတ်ရေကန်စခန်းဟာ စစ်ကောင်စီတပ်ရဲ့ အခိုင်အမာ ခံစစ်စခန်းဖြစ်ပြီး AA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ လဆန်းပိုင်းကစလို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ရိုးလမ်းပေါ်မှာ လင်းတဲ၊ စွန်တက်၊ ဂုတ်ကြီး၊ ဘုံးဘော၊ မြေလတ်တို့ရှိကြပြီး လမ်းဟောင်း ဘက်မှာဆိုရင် နောင်ရွာ၊ လိုင်ရွာ၊ ပဘဲရွာနဲ့ ပဇီရွာအပါအဝင် တောင်ပေါ်ကျေးရွာ အတော်များများရှိကြပြီး စစ်ရှောင်ဦးရေ အတိအကျကိုတော့  အတည်မပြုနိုင်သေးပါဘူး။

ငဖဲဘက်မှာတော့ အစစ်အဆေးအနည်းငယ်ရှိတာကလွဲလို့ အခြေအနေတည်ငြိမ်နေကာ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်း အနီးဝန်းကျင်ကနေရာတချို့မှာ AA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး လက်နက်ကြီးသံတွေ နေ့တိုင်းကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013