
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ရေကြီးမှုဖြစ်ပြီး ကမ်းပါးပြိုကျမှုတွေကြောင့် ရပ်ကွက် ၃ ခုက အိမ်ထောင်စု ၂၀ နီးပါးရဲ့ နေအိမ်တွေ ရေစီးနဲ့မျောပါ ဆုံးရှုံးသွားကြတယ်လို့ မင်းပြားဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့က လမ်းမတော်ရပ်ကွက်၊ ရွှေပြည်စိုးရပ်ကွက်နဲ့ မင်းဘာကြီး ရပ်ကွက်တို့က နေအိမ် ၂၀ နီးပါးဟာ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ လေးမြို့မြစ်ရေ မြင့်တက်မှုနဲ့အတူ ကမ်းပါပြိုကျပြီး ရေစီးနဲ့အတူ မျောပါသွားသူတွေဟာ ဆွေမျိုးတွေရဲ့အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြ ရတယ်လို့ ကူညီပေးနေတဲ့ မင်းပြားမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“မင်းပြားမြို့ရဲ့ ရေတိုက်စားမှုထဲမှာ ထိခိုက်နစ်နာမှု အများဆုံးတွေကတော့ ရွှေပြည်စိုးရပ်ကွက်မှာ အိမ် ၂၀ လောက် ပြိုပျက်စီးသွားပြီးတော့ နေစရာ မြေမရှိ ဖြစ်သွားပါတယ်။ မင်းဘာကြီးမှာလည်း မြေပြိုသွားလို့ နောက်ဆုတ်ကြတာ ထပ်ပြိုသွားလို့ မြေမရှိတော့တဲ့ အိမ်က ၆ အိမ်ရှိတယ်။ မင်းပြားမြို့ရဲ့ ဘုတ်ဆိပ်မှာလည်း ဆိုင်၊ အိမ် လုပ်တဲ့ ၅ အိမ်က လုံးဝ ကျိုးသွားပြီးတော့ ရှေ့က လမ်းပါ ကျိုးသွားတာ။ ပြီးရင် ဦးစိုးတင့်ရပ်ကွက်မှာတော့ အိမ် ၂၀ လောက်က မြစ်ထဲမှာ တပိုင်းတွဲ နေကြပြီ။ ပြိုခါဆဲဆဲ အိမ် ၂၀ လောက်ရှိတယ်။”
မင်းပြားမြို့မှာ ဇူလိုင် ၇ ရက်ကနေ ၁၂ ရက်နေ့အထိ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ဆုံးရှုံးသွားရတဲ့သူတွေဟာလည်း လက်ရှိမှာ နေစရာမရှိဘဲ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မင်းပြားမြို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေ နှစ်စဉ်နှစ်တိုင်း ကမ်းပါးပြိုကျမှု အန္တရာယ်တွေနဲ့ ရင်ဆိုင် နေကြတာလည်း ဖြစ်ပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတယောက်က “ဘယ်လိုမျိုး နေထိုင်နေကြရလဲဆိုတော့ ပိုက်ဆံရှိပြီးသားလူတွေက မြို့ထဲမှာ ဝယ်ပြီးသားအိမ်တွေ ရှိကြတယ်။ ပိုက်ဆံမရှိတဲ့သူတွေက မင်းပြားမြို့မှာ မြေတွေက တအားဈေးကြီးတာကြောင့် နေစရာနေရာမရှိတော့ အမျိုးရှိတဲ့ သူတွေက အမျိုးတွေအိမ်မှာ နေကြသလို ဘုန်းကြီးကျောင်းတွေမှာ သွားနေကြတဲ့ သူတွေလည်း ရှိကြတယ်။ အခက်အခဲတွေ တော်တော်လေး ရှိတယ်လို့ သူတို့တွေက ပြောကြတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ကမ်းပြိုကျမှုကြောင့် နေထိုင်ရာ အခက်ခဲဖြစ်နေတဲ့ မိသားစုတွေကို ပရဟိတ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပေမဲ့ လောလောဆယ် စားသောက်ကြဖို့ အတွက်လောက်သာ အဆင်ပြေပြီး အမြဲတမ်း နေထိုင်နိုင်ကြဖို့ မြေနေရာတွေက လိုအပ်နေကြဆဲလို့ သိရပါတယ်။
မင်းပြားမြို့ ကမ်းပါးပြိုကျမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် အရင်အစိုးရအဆက်ဆက်က ကမ်းထိန်းနံရံ တွေ တည်ဆောက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ခိုင်ခံ့မှုမရှိဘဲ မိုးရာသီရောက်ရင် ပျက်စီးသွားတာ တွေကြောင့် ကမ်းပါးပြိုကျတာတွေကို ထိန်းထားနိုင်တာမျိုး မရှိသေးတာလို့ မြို့ခံတွေက ပြောကြပါတယ်။
လက်ရှိ ကမ်းပါးပြိုကျမှုဟာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေတာကြောင့် ကမ်းပါးပြိုကျမှုကို ထိန်းနိုင်ဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေနဲ့ လေးမြစ်မြို့ရေလမ်းကြောင်း ပြောင်းမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ မင်းပြားမြို့ပေါ်မှာ ရေကြီးမှုနဲ့ ကမ်းပါးပြိုကျမှုကြောင့် ဆုံးရှုံးနစ်နာမှုတွေကို အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရဘက်က စာရင်းပြုစုနေတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုထက်မနည်းမှာ ဇူလိုင် ၆ ရက်က ၁၃ ရက်အထိ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကမ်းပြိုတာ၊ နေအိမ်ပျက်စီးတာ၊ လယ်မြေတာ ပျက်စီးတာ၊ သောက်သုံး ရေကန် ပျက်စီးတာတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။










