
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (PCB) နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် ၇ ဖွဲ့တို့ စက်တင်ဘာလ ပထမအပတ်ထဲ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိသလို အဲဒီတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ အစုအဖွဲ့တွေလည်း ပါဝင်မယ်လို့ DVB သတင်းဌာနက စုံစမ်းသိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်ပြီး အစပြုနိုင်ဖို့ နိုင်ငံတကာဘက်က စိတ်ဝင်စားမှု ရှိလာတာကြောင့် သူတို့တွေရဲ့ အကူအညီနဲ့ ရန်ကုန်မှာရော နေပြည်တော်မှာပါ အလုပ်ရုံဆွေးနွေးပွဲ လုပ်ဖို့ရှိနေတာလို့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ် ၇ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ရန်ကုန်မှာတွေ့ဆုံမဲ့ ဆွေးနွေးပွဲမှာတော့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (PCB) အပါအဝင် တခြားနိုင်ငံရေးအင်အားစုတွေလည်း ပါဝင်မှာဖြစ်ပြီး နေပြည်တော်မှာ တွေ့ဆုံမဲ့ အလုပ်ရုံဆွေးနွေးပွဲမှာတော့ လက်ရှိ စစ်အာဏာရှင်အစိုးရဘက်က တာဝန်ရှိသူတွေ ပါဝင်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
PCB အဖွဲ့အနေနဲ့ တိုင်းရင်းသား တော်လှန်ရေးအစုအဖွဲ့တွေနဲ့ မတွေ့ဆုံခင် ဩဂုတ် ၁၁ ရက်မှ ၁၄ ရက်အထိ ချောင်းသာမှာ ကြိုတင်ဆွေးနွေးမှုတွေ လုပ်ခဲ့သလို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ပါ ထပ်မံတွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိတယ်လို့ DVB က စုံစမ်းသိရှိထားပါတယ်။
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (PCB) အဖွဲ့တွေရဲ့ ၄ ရက်ကြာ ချောင်းသာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးတို့ အပါအဝင် PCB အဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီတွေ့ဆုံမှု အကြောင်းအရာတွေနဲ့ ချောင်းသာမှာ တွေ့ဆုံဆွေးနွေးခဲ့မှု အကြောင်းအရာတွေ ကိုတော့ PCB ပြောရေးဆိုခွင့်ရှိသူတွေကို DVB သတင်းဌာနက ဆက်သွယ်မေးမြန်းပေမဲ့ အင်တာဗျူးဖြေဆိုဖို့ ငြင်းဆိုကြပါတယ်။
PCB အဖွဲ့ကို တိုင်းပြည်ရဲ့ အရင်းခံပြဿနာတွေကို ဖြေရှင်းပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်ပြီး နိုင်ငံတကာအသိုက်အဝန်းမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် မူဝါဒတူညီတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ စုဖွဲ့ခဲ့တာလို့ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
PCB မဖွဲ့စည်းခင်ကလည်း မြန်မာပြည်တွင်းမှာရှိကြတဲ့ ဒီမိုကရေစီအင်အားစုခေါင်းဆောင်တွေ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေ အပါအဝင် မြေပေါ်နိုင်ငံရေးအင်အားစုတွေ စုစုပေါင်း ၃၉ ယောက်ပါတဲ့ ဆွေးနွေးပွဲကို ငွေဆောင်မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလထဲက အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အပါအဝင် အချက် ၇ ချက်ကို သဘောတူခဲ့ကြပါတယ်။
အောင်သူ











