DVB Logo
Home
Lead Story
တရုတ်လွှမ်းမိုးမှုက ရုန်းထွက်ဟန်ပြုတဲ့ စစ်အာဏာရှင်ရဲ့ သံတမန်အခင်းအကျင်း ဘယ်လိုသဘောဆောင်သလဲ (ရုပ်သံ)
သုတချမ်းသာ
·
October 26, 2026
Photo: MOI
Photo: MOI
Donate to DVB

စစ်အာဏာရှင်ရဲ့ တရုတ်လွှမ်းမိုးမှုကနေ ရုန်းထွက်ဟန်ပြုတဲ့ သံတမန်ရေး အခင်းအကျင်းဟာ ဟန်ဆောင်သဘောပဲ ဖြစ်တယ်လို့ လေ့လာသူတွေက ဝေဖန်ပါတယ်။

အောက်တိုဘာလဆန်းပိုင်းကစပြီး စစ်အာဏာရှင်ရဲ့ အမေရိကန်အစိုးရနဲ့ သံတမန်ရေးနီးကပ်ဖို့ ကြိုးစားချက်တွေကြောင့် တရုတ်အစိုးရနဲ့ အဆင်မပြေမှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းခဲ့ကြတာပါ။

စက်တင်ဘာ ၁၆ ရက်နေ့မှာ အမေရိကန်နိုင်ငံသား အဒမ်ကတ်စတီလိုကို စစ်အာဏာရှင်က ပြန်လွှတ်ပေးခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်နဲ့ ဆွေးနွေးခွင့်ရခဲ့တာကြောင့် အခုလို ခန့်မှန်းချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း အောက်တိုဘာ ၉ ရက်နေ့မှာ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့ သမီးကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ ပယ်ဖျက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ ဗြိတိန်နိုင်ငံ တတိယမြောက် ချားလ်စ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ဆီကို စာအုပ်နဲ့စာ ပေးပို့ခဲ့ပြီး စစ်အာဏာရှင်က အောက်တိုဘာ ၂၂ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းနဲ့ ဖုန်းဆက်ခွင့်ပြုခဲ့ပါတယ်။

ဒီအချက်အလက်တွေဟာ အနောက်အင်အားကြီးနိုင်ငံတွေနဲ့ မြန်မာစစ်အာဏာရှင်တို့ အပြန်အလှန် ဖြေလျှော့မှုတွေ ပြုလုပ်ပြီး ဆက်ဆံရေးလမ်းဖွင့်တဲ့သဘော ဆောင်ခဲ့ပါတယ်။

စစ်အာဏာရှင်က နိုင်ငံတကာဆက်ဆံရေးမှာ ပြင်းထန်တဲ့ သံတမန်ရေးရာ အထီးကျန်မှုတွေ၊ ပုံရိပ်မကောင်းခဲ့တာတွေနဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေကို ပြန်ပြီးအဖတ်ဆည်ဖို့၊ တရားဝင်မှုရဖို့အတွက် ရည်ရွယ်နေတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်ပဆိုင်ရာ အခက်အခဲတွေရဲ့ အချိုးမညီမှုတွေကြားမှာ ပြန်ပြီး မျှခြေရအောင် စစ်အာဏာရှင်က ကြိုးပမ်းနေတာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့က မခင်သီရိနန္ဒာစိုးက “ဆန့်ကျင်ဘက် ရည်ရွယ်ချက်တွေရှိတဲ့ ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံအကြားမှာ ကစားနေရတဲ့ ကစားပွဲပေါ့။ အဲဒါမျိုးကို သူက ပုံဖော်ချင်တာဖြစ်တယ်။ ညှိနှိုင်းမှုနဲ့ ငြင်းပယ်မှု ဒါကို သူက ပေါင်းစပ်ထားတာ ဖြစ်တယ်။ အမေရိကန်နဲ့သူ ဆော့တဲ့ ကစားပွဲမှာက ဒီမိုကရေစီအရေးကို ငြင်းပယ်ပြီးတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ်မှာ ပိတ်ဆို့မှုကို တားဆီးမယ်။ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ် တချို့အတွက်ကို အနည်းငယ် ပူးပေါင်းပြတာမျိုး ဖြစ်တယ်။ တရုတ်နဲ့ပတ်သက်တာကျတော့ ကုန်းလမ်း၊ ရေလမ်း ထွက်ပေါက်တွေမှာ ပူးပေါင်းပြီးတော့ နိုင်ငံရေးအရ လုံးဝအညံ့ခံမှုကို ကျတော့ သူက ငြင်းပယ်ထားတယ်။ ဗမာနိုင်ငံ လုံးဝပြိုလဲသွားမှာကို ပေကျင်းက စိုးရိမ်နေဖို့ တမင်ဖန်တီးထားတယ်။ တရုတ်ဟာ စစ်ကောင်စီကို ဆက်လက်ထောက်ပံ့ဖို့အတွက် ဖိအားပေးခံရတဲ့ အခြေအနေကို သူက ဖန်တီးထားတယ်။ သူက ဗမာနိုင်ငံရဲ့ ပထဝီဝင် အနေအထားကို အသုံးပြုပြီးတော့မှ အနောက်အုပ်စုရဲ့ ဖိအားကို ကာကွယ်မယ်။ တရုတ်ရဲ့ ထောက်ပံ့မှုကို ဆွဲဆောင်ဖို့အတွက် အင်အားကြီး ၂ နိုင်ငံကို ပြန်လည်အသုံးချနေတဲ့၊ ရှင်သန်ရေးအတွက် လက်တွေ့ပကတိဝါဒကို အစွမ်းကုန်အသုံးချနေတဲ့ မဟာဗျူဟာဖြစ်တယ်။ Hyper realist survivalist Strategy အဲဒါပဲဖြစ်တယ်” လို့ ပြောပါတယ်။

နိုင်ငံတကာဆက်ဆံရေး သီအိုရီတွေအရ မြန်မာစစ်အာဏာရှင်ရဲ့ အပြုအမူဟာ လက်တွေ့ ပကတိဝါဒနဲ့ မိမိကိုယ်ကို ကာကွယ်ရေးသီအိုရီတွေကို သုံးနေတာဖြစ်ပြီး အစဉ်အဆက် အာဏာရှင်တွေရဲ့ ပုံစံအတိုင်း နိုင်ငံတကာဆက်ဆံရေးထက် ပြည်တွင်းက ခြိမ်းခြောက်မှုတွေကို ပိုပြီး အလေးထား တွက်ချက်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။

အမေရိကန်အစိုးရက မြန်မာ့အရေးကို အဓိကအားဖြင့် ဒီမိုကရေစီမြှင့်တင်ရေး ရှုထောင့်ကပဲ ကြည့်တယ် ဆိုတဲ့အချက်၊ စစ်ရေးအရ တိုက်ရိုက်စွက်ဖက်တာတွေလုပ်ဖို့ မလွယ်ဘူးဆိုတဲ့ အချက်တွေကို စစ်အာဏာရှင်က သိနားလည်ထားပြီး ခုခံကာကွယ်မှုဆိုင်ရာ လက်တွေ့ဝါဒနဲ့ ပြန်လည်ချဉ်းကပ်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာ အမေရိကန်ရဲ့ဖိအားကို လျှော့ချပြီးမှ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ပိုပြီးပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ထပ်မလာအောင် စစ်အာဏာရှင်က ရည်ရွယ်နေတာ ဖြစ်ပါတယ်။

ဒီလို ဆက်ဆံရေး တန်ပြန်မှု ပြုလုပ်နိုင်အောင် စစ်အာဏာရှင်က ဖိအားပေးတဲ့ သံတမန်ရေး နည်းလမ်းတွေ၊ သီအိုရီတွေကို သုံးပြီး လိုချင်တဲ့အကျိုးစီးပွားရဖို့ လှုပ်ရှားနေတာပါ။

စစ်အာဏာရှင်ဟာ အသိအမှတ်ပြုခံရဖို့ အပေးအယူဆန်တဲ့ နည်းလမ်းကိုပဲ ဆက်တိုက်ရှာဖွေခဲ့သလို ဟန်ပြသံတမန်ရေးနဲ့ အာရုံလွှဲ လှည့်စားတဲ့နည်းကို သုံးပြီး ပြောင်းလွယ် ပြင်လွယ်ရှိကြောင်း ဟန်ဆောင်ပြနေတာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

အမေရိကန်နဲ့ တရုတ်ကို အပေးအယူဆန်တဲ့ သံတမန်ရေးရာဘောင်နဲ့ ချဉ်းကပ်နေတာဖြစ်ပြီး တဖက်ကို ပါမသွားအောင် နှစ်ဖက်စလုံးက မဖြစ်မနေ သူ့ကို အပြိုင်ပံ့ပိုးထောက်ခံလာဖို့ အကျပ်ကိုင်တဲ့နည်းလမ်းကို သုံးပြီး ခွကစားနေတာလည်း ဖြစ်ပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “မြန်မာပြည်စစ်အုပ်စုကတော့ တရုတ်ကို မချစ်သော်လည်း အောင့်ကာနမ်းနေရတာ။ တခြားဘယ်နိုင်ငံကမှ ဂရုမစိုက်လို့ တရုတ်ကို ဖက်နေရတာ။ သူ တကယ့်တကယ် ဖက်ချင်တာက အနောက်တိုင်းနိုင်ငံတွေပါ။ ဒါကြောင့်မို့လို့ အနောက်နိုင်ငံတွေကို တအားကပ်နေတာ။ ဒါပေမဲ့ အနောက်နိုင်ငံတွေကိုယ်တိုင်က သူတို့ဒုက္ခတွေနဲ့သူတို့ တရုတ်ကို ကပ်နေကြရတာလေ။ မင်းအောင်လှိုင်ရဲ့ စဉ်းစားနည်းတွေကလေ ကျမ တခါတခါ တော်တော်အံ့ဩတယ်။ တော်တော်တိမ်တယ်ဗျ သိလား။ တရုတ်က သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို မြန်မာပြည်အပေါ်မှာ တော်တော်ခိုင်ခိုင်မာမာ ထားထားပြီးပြီ။ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်းမှာ သူ့ရဲ့ အဓိကဦးစားပေးတာ ပြည်နယ် ၂ ခုရှိတယ်ဗျ။ အခု ကျမ နေနေတဲ့ ယူနန်နဲ့ ကွေ့ကျိုး။ ဒီ ၂ နယ်စလုံးက တရုတ်ရဲ့ ပြည်နယ်ပေါင်း ၂၀ ကျော်မှာ GDP အနိမ့်ဆုံး။ ကုန်းပိတ်ပြည်နယ်တွေဖြစ်နေလို့။ သူတို့ရဲ့ပင်လယ်ထွက်ပေါက်က ကျောက်ဖြူရေနက်ဆိပ်ကမ်း။ အဲဒီလမ်းဖောက်ရေးက တရုတ်အတွက် တော်တော်အရေးကြီးနေတာ။ တရုတ်က ဒါကို လိုချင်နေတာ ဖြစ်တယ်။ တဖက်ကလည်း ဖိအားပေးတယ်။ တိန့်ရှီကျွင်း ပြောသလို အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် နည်းလမ်းရှာကြပါလို့တောင် ပြောလာတာ ကြားတယ်မှတ်လား။ ဒါကို သူတို့ ၂၀၀၈ သမားတွေက မခံနိုင်ဘူးလေ။ အဲဒီတော့ တခြားလမ်းရှာကြတာပဲ။ ဒါပေမဲ့ တွေ့မှာမဟုတ်ပါဘူး။ တရုတ်ဘက်ပဲ ပြန်ရောက်လာလိမ့်မယ်ထင်တယ် ကျမကြည့်တာ” လို့ ပြောပါတယ်။

စစ်အာဏာရှင်က အမေရိကန်နဲ့ တရုတ် အင်အားကြီး ၂ နိုင်ငံအကြားမှာ အကျပ်ကိုင်ဖို့ ကြိုးစားနေသလို အမေရိကန်နဲ့ တရုတ်အစိုးရတို့ကလည်း စစ်အာဏာရှင်ကို ကြီးမားတဲ့ ဖိအားတွေ ပြန်ပေးနေတာပါ။

အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ၊ နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ရှင်းလင်းဖို့ ကြိုးစားနေတာတွေနဲ့ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးပြဿနာတွေကို မီးမောင်းထိုးပြတဲ့ နည်းလမ်းတွေကိုသုံးပြီး အမေရိကန်အစိုးရက စစ်အာဏာရှင်ကို ဖိအားပေးနေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၅ ရက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၁၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးသံတမန် တိန့်ရှီကျွင်းပြောဆိုခဲ့တဲ့ “တိုင်းရင်းသားလူနည်းစုတွေအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေရှာဖွေဖို့” ဆိုတဲ့စကားရပ်ဟာ စစ်အာဏာရှင်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က “မင်းအောင်လှိုင်နဲ့ပတ်သက်လို့ သူကတော့ ကိုယ်တိုင်ခန့်သမ္မတပေါ့ ထားပါတော့ဗျာ။ ဆိုတော့ ဘယ်ကွေ့ရောက်ရင် ဘယ်တက်နဲ့ လှော်ရမလဲတော့ သူတို့သိတယ်ဗျ။ နောက်ကွယ်မှာ သံတမန်ရေးရာမျက်နှာစာပေါ့၊ အဲဒီမှာ အကြံပေးတဲ့သူတွေကလည်း ပိုက်ဆံယူပြီးတော့ အကြံပေးနေတဲ့သူတွေလည်း အများကြီးရှိသလို လော်ဘီကုမ္ပဏီတွေ လော်ဘီပုဂ္ဂိုလ်တွေကို မွေးပြီးတော့လည်း သူကစားနေတာတွေက သတိထားမိတယ်ပေါ့နော်။ တရုတ်၊ အိန္ဒိယ၊ ရုရှားဖက်ဒရေးရှင်းတို့ အဲဒီမှာလည်း သူက ကောင်းကောင်းကြီးကို ကစားနေတာကို သတိထားမိတယ်။ အဲဒါ ငြင်းလို့မရဘူး။ ဘယ်ကွေ့ရောက်ရင် ဘယ်တက်နဲ့လှော်ရမလဲဆိုတဲ့ သံတမန်ရေးရာမျက်နှာစာ၊ နိုင်ငံရေးရာမျက်နှာစာ၊ စစ်ရေးနဲ့ပတ်သက်တဲ့ မျက်နှာစာတွေမှာ အကြံပေးမဲ့သူတွေ၊ လက်တွေ့ကျကျ ကူညီမဲ့မိတ်ဖက်တွေ၊ မဟာမိတ်တွေ ရှိနေတာကတော့ ကျနော်တို့ ငြင်းလို့မရဘူးပေါ့နော်။ ဘုံရန်သူကို ကျနော်တို့ လျှော့မတွက်နဲ့ဗျ။ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားဖို့တော့ လိုတယ်ပေါ့နော်” လို့ ပြောပါတယ်။

နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးအတွက် ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအရ ပြည်တွင်းက သူ့ရဲ့ အကျိုးစီးပွားရေးရာ အစုအဖွဲ့တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း နှစ်ခုစလုံး တပြိုင်တည်း ကျေနပ်အောင် စစ်အာဏာရှင်က တွက်ချက်ပြီး လုပ်ဆောင်နေတာပါ။

သံတမန်ရေးရှင်သန်ဖို့ စီးပွားရေးစီမံကိန်းတွေ တည်ငြိမ်ရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အမြစ်ပြတ် ရှင်းလင်းရေးကို စစ်အာဏာရှင်က လုပ်ပေးဖို့ လိုအပ်နေပြီး ပြည်တွင်း အာဏာတည်မြဲရေးမှာတော့ ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ နယ်ခြားစောင့်တပ်တွေကို စစ်အာဏာရှင်က အားကိုးနေရတာ ဖြစ်ပါတယ်။

ဒီအခင်းအကျင်းမှာ ပြည်တွင်းမှာ စစ်ရေးအရ ကိုယ်တိုင်ရှင်သန်နိုင်တဲ့ အချိန်အထိ နိုင်ငံတကာ ကတိကဝတ်တွေနဲ့ ဖိအားတွေကို အချိန်ဆွဲတာ ဒါမှမဟုတ် ရှောင်လွှဲနိုင်ဖို့ တွက်ချက်ပြီး စစ်အာဏာရှင်က ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013