DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်အတွင်း နန်းဖောအွာ သဲသောင်ပြင် သင်္ကြန်ကို ၁ လကျင်းပရန် စီစဉ်
DVB
·
March 26, 2025
သံလွင်မြစ်အတွင်း နန်းဖောအွာ သဲသောင်ပြင် သင်္ကြန်ကို ၁ လကျင်းပရန် စီစဉ်
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ  စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်မှုနဲ့ သံလွင်မြစ်အတွင်းမှာ နန်းဖောအွာ သဲသောင်ပြင် သင်္ကြန်ကို ၁ လတိုင်တိုင် ကျင်းပသွားမယ်လို့ ဘားအံမြို့ ရပ်မိရပ်ဖတွေဆီက သိရပါတယ်။ 

ဘားအံမြို့မှာ သင်္ကြန်ကာလ ပြည်နယ်အစိုးရက ဦးဆောင်ပြီး  သံလွင်မြစ်အတွင်းမှာ နန်းဖောအွာ သဲသောင်ပြင်သင်္ကြန်ကို ဧပြီ ၁ လလုံး ကျင်းပသွားမှာပါ။ 

ဘားအံမြို့မှာ အရင်နှစ်တွေလို ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာနဲ့ ရပ်ကွက်မဏ္ဍပ်တွေကို ကမ်းနားလမ်းတလျှောက် ရေးကစားမဏ္ဍပ်တွေနဲ့အတူ သံလွင်မြစ်အတွင်းမှာ နန်းဖောအွာ သဲသောင်ပြင်သင်္ကြန်ကို ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

ရပ်မိရပ်ဖတယောက်က “ကျနော်တို့အမြင် ပြောရရင် မလုပ်သင့်ဘူးလိုပဲ မြင်တယ်။ ကျနော်အထင် လှည့်ကွက်တခုရှိမှာပေါ့။ အားလုံးအခက်အခဲ ဒုက္ခ သောကရောက်တဲ့အချိန်မှာ ဒါကြီးလုပ်တယ်ဆိုတော့ အခက်အခဲမရှိဘူးပေါ့။ အဆင်ပြေနေကြတယ်။ စိုပြည်နေကြတယ်ပေါ့။ အဲဒီအကွက်ကို သွယ်ဝိုက်ပြီးတော့ပဲ  ပြချင်တာလား။ ကျနော်တို့တောင် စားဝတ်နေရေးက အကြိမ်အနယ်ဖြစ်နေတယ်။ ဒါကြီးကို ဖော်ကျူးလိုက်တော့  မသိရင် ကရင်ပြည်နယ်က စိုပြည်နေတာပေါ့။ စားဝတ်နေရေးကော သွားလာရေးကော ဒါကိုပြချင်တာလား” လို့ ပြောပါတယ်။

သင်္ကြန်ကာလ သံလွင်မြစ်အတွင်းမှာ နန်းဖောအွာ သဲသောင်ပြင်သင်္ကြန်ကို ကျင်းပပြုလုပ်မှာဖြစ်ပေမဲ့ တဘက်မှာလည်း ဒေသခံပြည်သူတွေဟာ စီးပွားရေးကျပ်တည်းတာ၊ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဒါ့အပြင် စစ်မှုထမ်းလူသစ်စုဆောင်း နေတာကြောင့် မြို့ခံလူငယ်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မြို့ခံတယောက်က “ဒီလိုအခြေအနေ ဒီလိုကာလမှာတော့ သင်္ကြန်က မလုပ်သင့်ဘူး။ ပြည်သူတွေက အမျိုးမျိုး ဒုက္ခဆင်းရဲ ရောက်ကြတယ်။  ဒီလောက် စစ်မှုထမ်းတွေ ခေါ်နေတဲ့ အချိန် ဘယ်လိုလုပ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲနိုင်မလဲ။  စစ်မှုထမ်းမခေါ်ခင်က သင်္ကြန် ပျော်ပျော်ရွှင်ရွှင် မဆင်နွှဲနိုင်တာ အခုက  ဘယ်လိုလုပ်ပြီး ဆင်နွှဲနိုင်မလဲ။ သွားကစားတဲ့ သူတွေ အတွက် အန္တရာယ်ရှိနိုင်တယ်။ နဂိုကတောင် နှစ်တိုင်း ၃၊ ၄ ရက်လေး ရှိတာတောင်မှ အန္တရာယ်တွေများတာလေ။  ၁ လလုံးလုံး ကျင်းပလို့ရှိရင်  အန္တရာယ်က ပိုများတာပေါ့” လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအားလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက ဝေဟင်နဲ့ မြေပြင်ကပါ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူ တွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013