
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ သော်လယ်ထအနီး သံလွင်မြစ်ကမ်းစပ်မှာ တည်ဆောက်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဆေးရုံကို စစ်အာဏာရှင်တပ်က တိုက်လေယာဥ်နဲ့ ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းမှာ ဗုံးသီး ၉ လုံး လာရောက်ကြဲချခဲ့တယ်လို့ KNU နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန် ဆေးရုံအတွင်း ဆရာဝန်၊ သူနာပြု၊ လူနာတွေနဲ့ ရွာသား ကြိုတင်တိမ်းရှောင်နိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာ မရှိခဲ့ပေမဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကိုတော့ ဗုံးသီးတလုံး ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ ဆိုပါတယ်။
မြန်မာ-ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းစပ်မှာ တည်ဆောက်ထားတဲ့ အဆိုပါဆေးရုံဟာ ကရင်ပြည်သူတွေ အပါအဝင် မြန်မာနိုင်ငံသားတွေအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက် ပေးနေတဲ့နေရာ ဖြစ်ပါတယ်။
ဧပြီ ၁၈ ရက် မနက် ၁၁ နာရီကျော်လောက်မှာလည်း မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာ အုန်းတော ရွာထိပ်ပိုင်းကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်တပ်က သာလွန်အင်အားနဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ကူရယူပြီး ဘက်ပေါင်းစုံကနေ စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်ပွားနေပြီး ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ဧပြီ ၁၂ ရက်ကလည်း မူတြော်ခရိုင်ရှိ ဦးမယ်ထာ ဆေးရုံကို စစ်တပ်က ရည်ရွယ်ချက် ရှိရှိ လေကြောင်းကနေ ပေါင် ၅ဝဝ ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံတွေ ပျက်စီးစေကာ ဆေးကုသမှုခံယူနေရတဲ့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ပြစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ ပြည်သူလူထုတို့အတွက် ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှု ပေးနေတဲ့ နေရာတွေကို ဖျက်ဆီးတဲ့ အကြမ်းဖက်စစ်ဆင် တိုက်ခိုက်နေမှုတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့လည်း KNU က ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်၊
အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့ ထိရောက်တဲ့ တားဆီးကာကွယ်မှုတွေ လုပ်ဆောင်ဖို့လည်း KNU က တိုက်တွန်းထားပါတယ်။










